Monday 11 February 2013
KNU နဲ့ ဗမာစစ်အစိုးတို့ အပစ်ရပ် ပဏာမလက်မှတ်ထိုးခြင်းတနှစ်ပြည့်
သူတို့ အမြင်(အပိုင်း ၂)
ဒေါနသစ္စာ- Karentimes
    အပစ်ရပ်စဲရေး ပဏာမလက်မှတ်ရေးထိုးတာနဲ့ ပါတ်သက်ပြီး အမြင်တွေတင်ပြစရာ အများကြီးရှိတာပေါ့။သို့ ပေမဲ့ လည်း အပစ်ရပ်ပဏာမ လက်မှတ်ရေးထိုးတဲ့နေ့ ကစပြီး ယနေ့ ထိ ဝေဖန်ပြောဆိုသံတွေ သတင်းမီဒီယာတွေမှာ အတော်လေး ပြောဆိုကြ၊ ရေးသားကြတာ ကြားရတွေ့ ရပါပြီး။ ခြုံပြီးကြည့်လိုက်ရင်တော့ အပစ်ရပ်ပဏာမ ရေးထိုးတာနဲ့ ပါတ်သက်ပြီး မကောင်းတဲ့ရလဒ်က ပိုများတယ်လို့ ဆိုနိုင်ပါတယ်။ စပြီးလက်မှတ်ထိုးတဲ့ 2012 ဇန္န၀ါရီလကစပြီး 
2013 ဇန္န၀ါရီလအထိ တနှစ်လုံးလုံးဟာ ကရင့်တော်လှန်ရေး ဂြိုလ်မွှေတဲ့နှစ်၊ မုန်တိုင်းထန်တဲ့နှစ်ဘဲ။ကရင့်တော်လှန်ရေးအတွင်း၊ ကရင်အမျိုးသားထုအတွင်း အဖုအထစ်တွေနဲ့ ပြည့်နက်နေတယ်။ ဒီ ကေအင်န်ယူ အပစ်ရပ်ဟာ ရှေ့ ဆက်ပြီး ကရင်အမျိုးသားထုအတွင်း ဘယ်လောက်ထိ လှိုင်းဂရက် ဆက်ရိုက်အုံးမလဲဆိုတာ မပြောတတ်ဘူး။  ကရင်လူမျိုးတွေအတွက် စိတ်ခေါ်မှုတွေက ကြာလေကြီးမားလာလေဘဲလို့ ဆိုရမှာဘဲ။
၁။ အငြင်းပွါးစရာ ကေအင်န်ယူရဲ့ ရွေးကောက်ပွဲမှာ ဗမာအစိုးရရဲ့ အလိုတော်အတိုင်း ရလဒ်ထွက်လာတဲ့အတွက် ရွေးကောက်ပွဲနောက်တကျော့ ပြန်လုပ်ရတဲ့အဖြစ်မျိုးမရောက်အောင် ဗမာအစိုးရက ခေါ်တွေ့ ပြီး တရားဝင်အသိအမှတ်ပြုပေးလိုက်တယ်။
၂။ ကချင်နဲ့ ဗမာ တိုက်ပွဲအပြင်းအထန်ဖြစ်တဲ့အချိန်မှာ ကရင်က ဗမာအစိုးရသိန်းစိန်အပါအ၀င် မင်းအောင်လှိုင်ကို သွားရောက်ဂါရ၀ပြုခြင်းအားဖြင့် ဗမာအစိုးရရဲ့ စိတ်ဓါတ်စစ်ဆင်ရေး အောင်မြင်ရေး အတွက်  ကိုယ်က သွားပြီး အသုံးချခံလိုက်ရတယ်။
၃။ ကေအင်န်ယူနဲ့ ဗမာသိန်းစိန်အစိုးရတို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပဏာမသဘောတူညီလက်မှတ်ရေး ထိုးထားတဲ့အဆင့်သာ ရှိသေးပေမဲ့ ဗမာအစိုးရကတော့ သူတို့ နဲ့ ကေအင်န်ယူတို့ အပစ်အခတ်ရပ်စဲတာ ၇၀-ရာခိုင်နှုန်းအောင်မြင်ပြီးလို့ ထုတ်ဖေါ်ပြောကြားလိုက်ခြင်းဟာ မြန်မာေ၇ာ ကမ္ဘာ့မီဒီယာမှာပါ လက်ဦးမှု ထပ်ယူလိုက်ခြင်းဖြစ်တယ်။
၎။ ကေအင်န်ယူက ဗမာအစိုးရကို ငြိမ်းချမ်းရေးဖြစ်စဉ်အပါအ၀င် နိုင်ငံရေးဆက်ဆွေးနွေးဖို့ ပြောဆိုပေမဲ့ ဗမာအစိုးရကတော့ လွတ်တော်မှာ ပြောဆိုဆွေးနွေးတာအကောင်းဆုံးလို့  ကေအင်န်ယူကို လိမ်မာပါးနပ်စွာ မသိမသာလေး ထည့်လိုက်တယ်။
 ဒီတော့ ဒီနံပါတ်၎-အချက်ဟာ ထပ်တွေးစရာတွေ အများကြီးဖြစ်လာတယ်။ ယခင်က ကေအင်န်ယူနဲ့ ဗမာအစိုးရတို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆွေးနွေးထားတဲ့ နှစ်ဘက်တပ်တွေ အပြောင်းအရွေ့ ကိစ္စအပါအ၀င် ၊ပြည်တွင်း/ ဒေသငြိမ်းချမ်းရေး၊ နိုင်ငံရေးကိစ္စမှန်သမျှကို လွတ်တော်ရဲ့ ပြင်ပမှာ ဆွေးနွေးဖို့  ဗမာအစိုးရမှာ လုံးဝအစီအစဉ်မရှိတော့တဲ့သဘောလား။
    ဒီတော့ ကေအင်န်ယူက ဘာတွေဆက်လုပ်ဖို့ ရှိလဲ၊ ဘာတွေဆက်လုပ်နိုင်မလဲ။ အရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးမှုတွေကို မလုပ်ဘဲ၊ ဒေသဖွံ့ ဖြိုးရေးကို ဦးစားပေးလုပ်မလား။အနေအထားအရရော ခြေလှမ်းအရရော စီးပွါးရေးဘက်ကိုဘဲဦး တည်နေပြီး ကေအင်န်ယူရဲ့ မူလအမျိုးသား ရည်မှန်းချက် လမ်းကြောင်း စလွဲချော်နေပြီးလား လို့ သံသယဖြစ်မိတယ်။
    ဒီအတိုင်းဆက်သွားရင်တော့ ကေအင်ယူရဲ့ အနေအထားဟာ ယခင် ဒီကေဘီအေတဖြစ်လဲ ကရင်နယ်ခြားစောင့်တပ်ထက် ဘာမှထူးခြားချက်ရှိမှာ မဟုတ်ပါဘူး။ ဒီကေဘီအေခေတ် ဆယ်စုနှစ်ကျော်အတွင်းမှာ ကရင်အမျိုးသားကိုရောင်းစားတဲ့ ကရင်ခရိုနီ တယောက်စ နှစ်ယောက် စ ပေါက်ဖွါးလာတာတွေ့ ရတယ်။ အခုကေအင်ယူ ငြိမ်းယူတဲ့ခေတ်မှာလဲ အခွင့်ထူးခံကရင်ခရိုနီတွေ ဘယ်နှစ်ယောက် ထပ်ပေါက်ဖွါးလာအုံးမလဲ မပြောတတ်ဘူး။ စီးပွါးရေးမက်လုံးနောက်ကိုလိုက်ရင်း တဆက်တည်း ကရင့်တော်လှန်ရေးဟာလည်း ခွေးလျှက်ခံရတဲ့ ထန်းလျှက်ခဲတုံးလို လုံးပါး ပါးသွားမှာဘဲ။
……………………………..
ပြီးတော့ လက်ရှိခေါင်းဆောင်တွေ လွတ်တော်ထဲကိုရော ဘယ်လိုရောက်အောင်သွားမလဲ ဆက်တွေးရအောင်။ ပြီးခဲ့တဲ့ကရင်နှစ်သစ်ကူးနေ့ မိန့် ခွန်းထဲမှာ ``ငြိမ်းချမ်းရေး မလိုချင်တဲ့သူက အရူးဘဲ``လို့ ပြောတဲ့သူကပြော၊ တခါ သတင်းထောက်ရဲ့ အင်တာဗျူးကို စိတ်ဆိုးမာန်ဆိုးဒေါသ တကြီးနဲ့ ဖြေတဲ့သူကဖြေ၊ ဒီထက်မတိုင်ခင် ကေအင်န်ယူရွေးကောက်ပွဲမှာ မဲခိုးတဲ့သူကခိုးနဲ့  ဒီလိုခေါင်းဆောင်မျိုးကို ကျနော်တို့ ဘယ်လိုယုံကြည်အားကိုးရမလဲ။
ဒီလိုခေါင်ဆောင်တွေနဲ့ လွတ်တော်ထဲသွားဖို့  မဲပုံးထောင်မယ်ဆိုရင်တော့ ကျေးရွာ အုပ်ချုပ်ရေးမှုးရွေးကောက်ပွဲအဆင့်ကိုမပြောနဲ့  ဆယ်အိမ်မှူးဖြစ်ဖို့ အဆင့်တောင် အတော်ကြိုး စားရအုံးမယ်။ဗမာစစ်အစိုးရရဲ့ တမတ်သားစစ်သား အော်တိုမစ်တစ် လွတ်တော်အမတ်တွေ လိုအခွင့်အရေးရပြီး(လက်တွေ့ မှာ မဖြစ်နိုင်) လက်ရှိကေအင်ယူခေါင်းဆောင်တွေ လွတ်တော်မှာ ၀င်ထိုင်ခွင့်ရတဲ့ အမတ်တွေဖြစ်လာတယ်ဆိုပါစို့ ……ရန်သူတွေနဲ့ သာမန်စကားဝိုင်းတွေ မှာ တွေ့ ဆုံပွဲတွေမှာ ပါးစပ်ဟပြီး နားထောင်ရုံကလွှဲပြီး ဘာမှဒိုင်ခံ မဆွေးနွေးနိုင်တဲ့ဟာကို လွတ်တော်ခန်းမထဲမှာ အမျိုးသားရေး နိုင်ငံရေးတွေ ဘယ်လိုဆွေးနွေးနိုင်မလဲ။
……………………………
ဗမာစစ်အစိုးရက သူတို့ ရဲ့ လွတ်တော်အစိုးရ တရားဝင်ဖို့ အတွက် လိုအပ်တဲ့ဆင်တွေ ကျုံးသွင်းနိုင်ဖို့ အတော်လေးလုံးပမ်းခဲ့ရတယ်။ကျုံးသွင်းခံလိုက်ရတဲ့ ဆင်တွေလဲ ပြည်သူတွေကို ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအ၀င် ဘာအရေး..ညာအရေးတွေ လုပ်ပေးမယ် လို့ မက်လုံးပေးပြီး မဲဆွယ်စည်းရုံးခဲ့တယ်။ တကယ့်လက်တွေ့ လွတ်တော်ရောက်တော့ ဘာမှ မလှုပ်နိုင်ဘဲ….ကြာလေ ပြည်သူတို့ ရဲ့ ငြိုငြင်မှု ခံရလေဘဲဖြစ်ပါတယ်။နောက်ဆုံးတော့ ဗမာစစ်အစိုးရ ဒီမိုကရေစီအရေခြုံ စစ်အာဏာရှင်လွတ်တော်ကို ခရက်ဒစ် အလကားပေးလိုက်ရတာဘဲ။
ပြည်သူကလေးစားအားကိုးတဲ့ နိုင်ငံရေးပါတီတခုဖြစ်တဲ့ဆင်ကြီးကို ကျုံးသွင်းနိုင်ဖို့  ဗမာစစ်အစိုးရက အတော်လုံးပမ်း ကြိုးစားခဲ့ရပေမဲ့၊ ဗမာစစ်အစိုးရအဆက်ဆက်ကို နှစ်ပေါင်း ၆၀-ကျော်ကြာ ခုခံတိုက်ခိုက်တဲ့၊ အစဉ်အလာကြီးမားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတဖွဲ့ ဖြစ်တဲ့ KNU ဆင်ပြောင်ကြီး(တကယ်ပြောင်တာ-အမွေးတချောင်းမှမရှိ) ကတော့ ဗမာစစ်အစိုးရက ချွန်းတချက်မှ ထုတ်သုံးစရာမလိုဘဲ၊ အလွယ်တကူနဲ့ ကျုံးသွင်းနိုင်ခဲ့တယ်။
……………………………….
    အမျိုးသားရေးအတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တခုအနေနဲ့  တောတွင်းတိုက်ပွဲတခု
တည်းနဲ ဒီခေတ်ဒီခါမှာ ဘယ်လိုမှလုံလောက်မှုရှိမှာမဟုတ်တော့ဘူး။ ရန်သူကတော့ တောတွင်း တိုက်ပွဲအပါအ၀င် စားပွဲပေါ်တိုက်ပွဲ၊ နိုင်ငံတကါမျက်နှာစာတိုက်ပွဲ၊ မီဒီယာတိုက်ပွဲတွေအပါအ၀င် ကလိမ်ကကျစ်နည်းပေါင်းစုံသုံးပြီး အဖက်ဖက်မှာ အောင်မြင်သထက် အောင်မြင်လာနေပါတယ်။ ကိုယ့်ခေါင်းဆောင်တွေကတော့ မီဒီယာတိုက်ပွဲတွေအပါအ၀င် ဘက်ပေါင်းစုံတိုက်ပွဲတွေ ဆင်နွဲဖို့ နေနေသာသာ သတင်းထောက်တွေကို ဒေါနဲ့ မောနဲ့ ပြောဆိုသွားတာကြားရတော့  အတော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ မီဒီယာရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာ ဘဘောပေါက်ဖို့ ကောင်းပါရဲ့ ။
 အမျိုးသားတော်လှန်ရေးတရပ်မှာ တောတွင်းလက်နက်ကိုင်တခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ 
အပေါ်က ပြောခဲ့သလို တိုက်ပွဲအသွင်သဏ္ဍန်မျိုးစုံမှာ ဆင်နွဲနိုင်ဖို့ ကျွမ်းကျင်ရာ သင့်တော်ရာလူတွေကို လုပ်ပိုင်ခွင့်အပြည့်ပေးပြီး ရွေးချယ်ခန့် အပ်ဖို့ လိုပါတယ်။ကိုယ်ကခေါင်းဆောင်ဆိုပြီး နေရာတကာမှာ ၀င်ပါနေစရာမလိုပါဘူး။ ကျနော်တို့ လူမျိုးမှာ တော်လှန်ရေးတရပ်ရဲ့ လိုအပ်တဲ့အခန်းကဏ္ဍတွေမှာ ဘဲဖြစ်ဖြစ် တိုင်းပြည်တပြည် အုပ်ချုပ်ဖို့ ဘဲဖြစ်ဖြစ် လိုအပ်တဲ့အရည်အချင်းတွေ အပြည့်အ၀ရှိတယ်လို့ ယုံကြည်မိပါတယ်။လုပ်ပိုင်ခွင့်မရတာသာ ခက်နေပါတယ်။ ဒါကို ဗမာစစ်အစိုးရလည်း ကောင်းကောင်းသဘောပေါက်တယ်။ ဒါကြောင့် ကေအင်ယူအဖွဲ့ အစည်းရဲ့  စစ်ဘက်နဲ့ အရပ်ဘက်တို့  ကွဲအောင် ဖြိုခွဲပစ်လိုက်တာဖြစ်တယ်။ အမျိုးသားရေး၊ နိုင်ငံရေးအတွေးအခေါ်ရှိတဲ့သူ ဦးဆောင်မှုမရအောင် ပြီးခဲ့တဲ့ ကွန်ဂရက် မှာ အကွက်ကျကျ စီမံလိုက်တာဖြစ်တယ်။
……………………
ကိုယ့်အမျိုးသားတော်လှန်ရေးနဲ့ ဗမာအစိုးရတို့ အပစ်အခတ်ရပ်စဲတာ ဘယ်အတိုင်းအတာထိရှိသလဲ၊ ကိုယ်ကိုယ်တိုင်ရောသိရဲ့ လား။ ဘာတွေသေချာရေရာမှုရှိပြီးလဲ...ကိုယ်နဲ့ ရန်သူတို့ ရဲ့ အနေအထားတောင် ဘာမှသေချာမှုမရှိဘဲ၊ ရန်သူက အခြားအဖွဲ့ အစည်းကို လိုက်လှည့်စားနိုင်အောင် ကိုယ်က ရန်သူကို ရှေ့ နေလိုက်လုပ်ပေးနေ သလို ခြေလှမ်း လှမ်းတာကိုတော့ တခြားလူတွေ ဟားတိုက်မှာသေချာပါတယ်။
......................
မကြာသေးခင်က ကေအင်န်ယူအတွင်း သစ္စာမဲ့ခြင်းလို့ လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ်လို ဆောင်းပါးတပုဒ်ထွက်လာပါတယ်။ ယခုလုပ်ရပ်ဟာ ကေအင်န်ယူခေါင်းဆောင်တွေ က ကေအင်န်ယူအဖွဲ့ အတွင်းရော ကရင်လူမျိုးတွေအပေါ်မှာပါ သစ္စာမဲ့တဲ့အဆင့်တောင် မကတော့ဘဲ တိုင်းရင်းသားပြည်သူတွေအပေါ် သစ္စာမဲ့နေပြီလားလို့ စဉ်းစားစရာတွေဖြစ်လာပါတယ်။ လက်ရှိကေအင်န်ယူခေါင်းဆောင်တွေ ရန်သူရဲ့ လူ လုံးလုံးဖြစ်သွားပြီးလို့ ဝေဖန်တဲ့သူတွေလည်း ရှိနေပါတယ်။
တည်ပြုပေးနေသလိုဖြစ်နေပါတယ်။ လက်ရှိခေါင်းဆောင်တွေက တော်လှန်ရေးရဲဘော်တွေ၊ ကရင်ပြည်သူတွေကို ကိုယ့်အမျိုးသားတော်လှန်ရေး အခြေအနေအမှန်ကို ရှင်းပြဖို့ လိုတယ်လို့ မြင်ပါတယ်။ ကရင့်တော်လှန်ရေးဟာ ခေါင်းဆောင်တွေအညံ့ခံလို့ ကျဆုံးသွားပြီလား သို့် မဟုတ် ဆက်ရှိနေသေးလားပေါ့။သုံးသပ်သူတချို့ က လက်ရှိခေါင်းဆောင်တွေရဲ့ ခြေလှမ်းကို အချိန်အတိုင်းအတာတခုထိ စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခု ကိုယ့်ခေါင်းဆောင်တွေ လှမ်းတဲ့ခြေလှမ်းတိုင်းဟာ သဲထိပ်ရင်ဖိုကြီးဘဲလို့ ပြောချင်တယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ ကရင့်တော်လှန်ရေးဟာ လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၃၀ တုန်းက အနေအထားနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ အခုအနေအထားဟာ ဘယ်(မည်သည့်)ခြေလှမ်းတလှမ်းကိုမှ အမှားခံလို့ မရတဲ့အနေအထားပါ။ ပြန်ဆွဲနှုတ်လို့ မရတဲ့ ခြေလှမ်း တလှမ်းမှားတာနဲ့ တမျိုးသားလုံး ကျွန်ဖြစ်သွားမဲ့အနေအထားပါ။
…………………
အပေါ်က ``အမျိုးသားရေး နိုင်ငံရေးကို လွတ်တော်မှာ ပြောဆိုဆွေးနွေးတာအကောင်းဆုံး``လို့  ဗမာအစိုးရက ကေအင်န်ယူခေါင်းဆောင်တွေကို ပေးလိုက်တဲ့ မက်ဆေ့စ် နဲ့ ပါတ်သက်ပြီး ဆက်စဉ်းစားရအောင်…
2012 ခုနှစ် နှစ်လယ်ဝန်းကျင်တုန်းက အလွတ်သဘောဆွေးနွေးပွဲတခုမှာပါ။ ဗမာအစိုးရရဲ့ လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ အပစ်ရပ်တဲ့ နောက်ဆုံးရည်ရွယ်ချက်ကတော့ လွတ်တော်ထဲကို ခေါ်ယူသိမ်းကျုံးဖို့ ဘဲ။ ကေအင်န်ယူက လွတ်တော်ထဲ သိမ်းကျုံးခံရမှုကို ရှောင်လွှဲပြီး  အမျိုးသားရေး၊ နိုင်ငံရေးတွေ့ ဆုံးဆွေးနွေးရေးကို အဓိကထားလုပ်ဆောင်သွားမယ်။ ကျားကုတ်ကျားခဲကြိုးစားပြီး တကယ်အဆင်မပြေမှလွတ်တော်ထဲဝင်ရေးကို ထည့်စဉ်းစားမယ်။ တဖက်မှာလဲ ကရင့်တပ်မတော်ကိုခိုင်ခိုင်မာမာတည်ဆောက်ထားမယ်။ လွတ်တော်ထဲဝင်ရင် ရှိသမျှ ကရင်အဖွဲ့ အစည်းတွေ တစုတစည်းတည်း စည်းရုံးပြီး ၀င်ရင် အတူဝင်မယ်တဲ့။
အဲဒီအချိန်တုန်းက ကေအင်ယူထဲမှာ နိုင်ငံရေး အရည်အချင်းရှိတဲ့သူတွေ သင့်တော်တဲ့နေရာမှာ တာဝန်ထမ်းဆောင်နေတယ် ။အခြား ကရင်လူမှုနယ်ပယ်အသီးသီးက အမျိုးသားရေး၊နိုင်ငံရေး အရည်အချင်းရှိတဲ့သူတွေနဲ့ လဲ သဟဇာတဖြစ်တယ်။ စစ်ဦးစီးချုပ်လဲ(ယခု ဥက္ကဌ) အောက်လက်ငယ် သားတွေ အတော်အသင့် လေးစားမှုရှိတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ကောင်းတဲ့ရလဒ်တခုတော့ ထွက်လာအောင်ဝိုင်းဝန်းလုပ်ဆောင်ရမယ် လို့ ဆွေးနွေးခဲ့ ကြတယ်။
    ဒါပေမဲ့ 2012 ခုနှစ်နှောင်းပိုင်း ကေအင်န်ယူအကွဲအပြဲနဲ့  ကွန်ဂရက်ရွေးကောက်ပွဲရဲ့ လွှဲချော်တဲ့ ရလဒ်ကြောင့် အလွတ်သဘောဆွေးနွေးသွားတဲ့အရာတွေ တလွှဲစီဖြစ်သွားခဲ့ပါတယ်။
လာမယ့်2015 ရွေးကောက်ပွဲမှာ ကြံ့ ဖွတ်ပါတီနဲ့  NLD ပါတီတို့ ပါတီတို့ အကြိတ်အနယ် အပြိုင်ကြဲကြမှာပါ။ စုစည်းမှုအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေလဲ ဒီပါတီကြီးနှစ်ကြား မိမိတို့ လူမျိုး ၀ါးမြိုမခံရရေးအတွက် အခုကတည်းက တာဆူနေပါပြီး။ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ အနေအထားကတော့ မှုန်ဝါးနေတုန်းဘဲ။ ယခင်ရွေးကောက်ပွဲဝင်ထားတဲ့ ကရင်ပါတီတွေတော့ ရှိပါတယ်။ ဒါပေမဲ့ တကယ့်ရေရှည်အရဆိုရင်တော့ အမျိုးသားရေး၊နိုင်ငံရေးရင့်ကျက်တဲ့ ကေအင်န်ယူက ခေါင်းဆောင်တချို့ ကို ဦးစီးဦးဆောင်ခိုင်းဖို့ သူတို့ ဆန္ဒရှိတယ်လို့  ပါတီစည်းရုံးရေးမှူးတဦးက ရင်ဖွင့်ခဲ့ဘူးပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကေအင်န်ယူအတွင်းရေးမှူးရဲ့ အင်တာဗျူးတခုမှာ 2015 ရွေးကောက်ပွဲဝင်ဖို့ မရှိဘူးလို့ ကြားလိုက်တယ်။ (ဒါပေမဲ့ သိန်းစိန်အစိုးရကတော့ ကေအင်န်ယူကို အဖြစ်သဘောလေး/စတိသဘောလေးနဲ့  မပါပါအောင် ဆွဲခေါ်မဲ့သဘောရှိတယ်)ဒီတော့ လွတ်တော်ရဲ့ ပြင်ပမှာ အမျိုးသားရေး၊ နိုင်ငံရေး ဆက်လက်ဆွေးနွေးဖို့ အနေအထားက လက်ရှိခေါင်းဆောင်တွေရဲ့ ခြေလှမ်း လှမ်းပုံအရတော့ အခြေအနေကောင်းမဲ့ ပုံမပေါ်။
ပါတီထောင်ရွေးကောက်ပွဲဝင်ဖို့ လည်း အဆင်သင့်မဖြစ်။ဖုတ်ပူမီးတိုက်ဝင်ခဲ့ သော် ကောင်းကျိုးထက် ဆိုးကျိုးကပိုများမယ်။
2015 ရွေးကောက်ပွဲအကြိုကာလနဲ့ နှောင်းပိုင်းမှာ ပါတီကြီးနှစ်ခုက ပိုမိုခိုင်မာသထက် ခိုင်မာလာမယ်။
လက်ရှိကေအင်န်ယူရဲ့ အနေအထားက လွတ်တော်ထဲသွားဖို့ ခြေလှမ်းရော လွတ်တော်ပြင်ပခြေလှမ်းရော မရဏခြေလှမ်းကြီးဘဲဖြစ်နေတယ်။
2015 ရွေးကောက်ပွဲက အဆင်သင့်မဖြစ်။ ငှင်းနောက်ပိုင်း 2019 ရွေးကောက်ပွဲမှာဆိုရင်ရော ကေအင်န်ယူနာမည် ရှာလို့ တွေ့ ပါအုံးမလား။ဘယ်သူမှမပြောနိုင်။
ဒီတော့ ရွှေကရင်တွေ ဘာတွေဆက်လုပ်ကြမလဲ။
ဒေါနသစ္စာ
No comments:
Post a Comment