Tuesday 12 February 2013

 မေ့မရသော မမေ့သင့်သော  
ကရင်အမျိုးသားခေါင်းဆောင် တယောက်အကြောင်း


2011 ခုနှစ်က ရေးခဲ့တဲ့ပို့ စ်ကို ပြန်တင်ခြင်းဖြစ်ပါသည်
 ကရင်အမျိုးသားခေါင်းဆောင် ကေအဲန်ယူအထွေထွေအတွင်းရေမှူးဟောင်း ပဒိုမန်းရှားလာဖန်း ဆုံး သွားတာ ဖေဖေါ်ဝါရီလ ၁၄ ရက် ၊၂၀၁၁ ခုနှစ်ဆိုရင် (၃)နှစ်ပြည့်ခဲ့ပါပြီး(အခု 5 နှစ်ပြည့် ပါ)
 ပြည်တွင်း၊ နယ်စပ်ဒေသအပါအ၀င် ကမ္ဘာအ ရပ်ရပ်မှာရောက်ရောက်ရှိနေကြတဲ့ အတီးပဒိုမန်းရှားလာဖန်းကို ချစ်မြတ်နိုးတဲ့၊လေးစားတဲ့ ကရင်လူထုတွေက သူ့ အတွက် အမှတ်တရဆုတောင်းပွဲတွေ၊ အလှူဒါနပွဲတွေပြုလုပ်ကျင်းပကြပါတယ်။

သေသောသူကြာရင်မေ့ဆိုတဲ့စကားပုံရှိခဲ့ပေမဲ့ မျိုးချစ်တော်လှန်သူများအတွက်၊ အမှန်တရားကို ချစ်မြတ် နိုးသူများအတွက် အတီးပဒိုမန်းရှာလို ခေါင်းဆောင်တယောက်ကိုတော့ မမေ့နိုင်ရုံမက သူ့ ရဲ့ အတွေးအခေါ်ခံယူချက် တွေဟာ ဒို့ တတွေရဲ့ ရင်ထဲမှာဆက်လက် ကိန်းအောင်းရှင်သန်နေမှာပါ။ အတီးမန်းရှာကိုကျနော်တို့ မမေ့သင့် မမေ့အပ်တဲ့ မမေ့နိုင်တဲ့ လူပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။

အတီးမန်းရှာကို ကျနော် ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်ကမှ လူချင်းစတွေ့ ဖူးတာပါ။ အဲဒီအချိန်တုန်းက ကျနော်တို့ လူငယ်တစု သူနေတဲ့အိမ်ကို သွားလည်ရင်းနဲ့ သူရဲ့ ပြောဆိုပုံ၊ ကရင်အမျိုးသားအပေါ် သူထားခဲ့တဲ့စေတနာ၊ အတွေးအခေါ်စိတ်ဓါတ်တွေကို ကိုယ်တိုင်ကြားသိရတာပါ။ ကျနော်သူ့ ကို အရမ်းလေးစားမိသွားတာတော့အမှန်ပါဘဲ။

အဲဒီနှစ်တွေရဲ့ နောက်ပိုင်းမှာတော့ ထပ်တွေ့ ဖြစ်ပါသေးတယ်။ သူအိမ်ကိုလည်း တခါတလေသွားလည်
ဖြစ်ပါတယ်။ မဲဆောက်တ၀ိုက်မှာ လူငယ်တွေနဲ့ သူစကားပြောတဲ့အခမ်းအနားမှာလည်း ကျနော်တခါတလေ ဆုံဖြစ်တယ်… သူ့ ရဲ့ အပြောအဆို၊ အတွေးအခေါ်တွေ ကြားရ၊သိရလေ သူ့  ကိုပိုပြီးလေးစားမှုကြီးမား လာလေပါဘဲ။ လူတွေနဲ့  စကားပြောဆိုဆက်ဆံတဲ့အခါမှာလည်း လူကြီးလူငယ်ကအစ အဆင့်အတန်း မခွဲခြားဘဲ ပြေပြစ်စွာဆက်ဆံတတ်သလို သူ့ ကိုယ်သူ ကျနော်… ကျနော်လို့  အမြဲတမ်းပြော ဆိုသုံးနှုန်းတာ ကျနော်သတိထားမိပါတယ်။ 

အမျိုးသားတော် လှန်ရေး ခေါင်းဆောင်ကြီး တယောက်အနေနဲ့  ကျနော်တို့ လူငယ်လေးတွေနဲ့ 
စကားပြော ဆိုတဲ့အချိန်မှာ သူ့ ကိုယ်သူ ကျနော်…ကျနော်လို့ ပြောဆိုသုံးနှုန်းတဲ့အတွက်လဲ သူ့ ကိုအရမ်းအား နာမိတာတော့အမှန်ပါဘဲ။ တကယ်တော့ အတီးမန်းရှာဟာ ကရင့်တော်လှန်ရေးလော ကမှာရိုးသားသူ၊ အမြှော်အမြင်ကြီးမားသူတဦးဖြစ်သလိုစံနမူနာပြုထိုက်လောက် တဲ့ကိုယ်ကျင့်သိက္ခာ တရားနဲ့ လည်းပြည့်စုံ တဲ့ခေါင်းဆောင်ကောင်းတဦး လည်းဖြစ်ပါတယ်။

အတီးမန်းရှာရဲ့ ရဲ့ ရင့်ပြတ်သားတဲ့အပြောအဆိုတွေကိုလည်း ကျနော်ယခုထက်ထိမှတ်မိနေဆဲပါ…
ကျနော်တက်ရောက်ခဲ့ဘူးတဲ့ ကရင်အမျိုးသားစည်းလုံး ညီညွတ်ရေး နှီးနှောဖလှယ်ပွဲတခု မှာ ကေအဲန်ယူ အဖွဲ့ နဲ့ ပါတ်သက်ပြီး အတီးမန်းရှာက “ကျနော်တို့ ကေအဲန်ယူရဲ့ ယနေ့ အခြေအနေဟာ ကိုယ်ခန္ဓာ အနှံ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့  ပြည့်နက်နေတဲ့ လူသားတယောက်နဲ့ တူနေတယ်၊ ဒီဒဏ် ရာတွေ ဆေးကြော ကုသတဲ့နေရာမှာ သူရဲ့ အခြေအနေ၊ အချိန် အခါကိုကြည့်ပြီး ကုသရမှာဖြစ်တယ်”လို့  
အဲဒီတုန်းကကေအဲန်ယူရဲ့ အနေအထားကို ပမာပြု ပြောဆိုသုံးသပ်သွားပါ တယ်။

ကရင်အမျိုးသားအရေးနဲ့ ပါတ်သက်၍လည်း“ယနေ့ ကရင်အမျိုးသားရေးတာဝန်ဟာ ကေအဲန်ယူ
တဖွဲ့ တည်းနဲ့  ဆုံးဖြတ်၊အကောင်ထည် ဖေါ်လို့ မရဘူး၊ အမျိုးကိုချစ်တဲ့နယ်ပယ်အသီးသီးက ကရင်တွေဝိုင်းဝန်းဆုံးဖြတ် ရမယ်၊ ၀ိုင်း ၀န်းပြီးတော့လည်း အကောင်အထည်ဖေါ်ရမှာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီအမျိုးသားစည်း လုံးညီ ညွတ်ရေးနှီးနှောဖလှယ်ပွဲကို ကျင်းပရတာဖြစ်တယ်”လို့  မိန့် ခွန်းခြွေသွားခဲ့တယ်။ 

အဲဒီမိန့် ခွန်းထဲမှာဘဲ အတီးမန်းရှာက လူငယ်တွေနဲ့ ပါတ် သက်ပြီး “ကျနော်တို့ လူငယ်တွေကိုဦးစားပေးရမယ်၊မြေတောင်မြောက်ပေးရမယ်၊ လူငယ်တွေက သူတို့ နဲ့ သွားတွေ့ ဖို့  စကားသွားပြောဖို့ ဖိတ်ကြားရင် ကျနော် လုပ်လက်စအလုပ်တွေ ဘယ်လောက်ဘဲအရေးကြီးနေပါစေ အဲဒီအလုပ်တွေ ချန်ထားပြီးတော့ သူတို့ တွေနဲ့  သွားတွေ့ တယ် သွားစကားပြောတယ်”…..

အတီးမန်းရှာဟာ သူပြောတဲ့အတိုင်းလည်းလုပ်တယ်။ကျနော်မဲဆောက်နဲ့ နယ်စပ်တကြောမှာ ၀င်ထွက် သွားလာရင်း၊ အတီးမန်းရှာနဲ့ ကရင်ကျောင်းသား၊ လူငယ်တွေ တွေ့ ဆုံစကားပြောတဲ့အခမ်းအနား မကြာခဏဆိုသလို ကြုံဖြစ်တယ်။ အတီးမန်းရှာပြောတဲ့စကားတွေ၊မိန့် ခွန်းတွေဟာ ကျနော်တို့ လူငယ်တွေ ၊ကရင်အမျိုးသားတွေအဖို့ စကား လုံးတိုင်းလိုလို အလွန်တန်ဖိုးရှိပါတယ်။

နှီးနှော ဖလှယ်ပွဲတွေမှာ ပြောခဲ့ တဲ့မိန့် ခွန်းတွေအပါအ၀င်အတီးမန်းရှာပြောတဲ့ မိန့် ခွန်းတွေ၊စကားတွေကို ကျနော်ဗီဒီယို   မှတ်တမ်းရိုက်ယူပြီးတော့ ကရင့်တော်လှန်ရေးအသိုင်းအ၀ိုင်း၊ ပတ်ဝန်းကျင်နဲ့  ကင်းကွာတဲ့နေရာတွေမှာ ရှိနေကြတဲ့ ကရင်လူငယ်၊ပြည်သူတွေဆီ ယူသွားပြီးတော့ ပြန်လည်ပြသခဲ့ပါတယ်။

အမှန်စင်စစ် ကျနော်အပါအ၀င် ကရင်တော်လှန်ရေး၊ ကရင့်ခေါင်းဆောင်တွေနဲ့ ကင်းကွာနေတဲ့ လူ ငယ်တွေ အမြောက်အများရှိပါတယ်။ ၉၄ ခုနှစ်၊ကရင့်တော်လှန်ရေးအုပ်စုကြီး ကွဲထွက်ပြီးတဲ့နောက်ပိုင်းမှာတော့ ၄င်းဒေ သတွေမှာ နေထိုင်ကြီးပြင်းလာတဲ့ကရင်မျိုးဆက်သစ်တွေရဲ့  တကယ့်အမျိုးသားရေးအမြင်တွေ များစွာေ၀၀ါးလာပါတယ်။ ကရင့်တော်လှန်ရေးခေါင်းဆောင်တို့ ရဲ့ မိန့် ခွန်းမှတ်တမ်းခွေတွေကို သူတို့ တတွေအား လိုက်လံပြသခြင်းအားဖြင့်လည်းေ၀၀ါးတဲ့အမြင်တွေ အတိုင်းအတာတခုအထိတော့ ကုစားပေးနိုင်ခဲ့တာတွေ့ ရပါတယ်။

ကျနော် အတီးမန်းရှာအိမ်ကို ရောက်ဖြစ်တဲ့အခါမှာလည်း ကျနော်လုပ်တဲ့အဖွဲ့ အစည်းဟာ 
ပြန့် ကျဲနေတဲ့ကရင်လူငယ်တွေကို ကောင်းစွာပြန်လည်စုစည်းနိုင်ကြောင်း၊ဒါ့အပြင်အဲဒီလူငယ်တွေကို
မှန်ကန်တဲ့အမျိုးသားရေးအမြင်ရှိဖို့  နည်းလမ်းပြသမဲ့ သူတွေ လည်း လိုအပ် ကြောင်း အတီးက ကျနော်အားပြောရှာပါတယ်။ တကယ်တော့လည်းဟုတ်ပါတယ်။

ကျနော်အပါအ၀င် မြေပြန့် မှာကြီး ပြင်းလာတဲ့ကရင်လူငယ်တွေကတော့ ကရင်အမျိုးသားရေးအကြောင်း မသိတော့တဲ့အပြင် အချို့ ဆိုရင် ကရင်စကား တောင်မပြော တတ်ကြတော့ပါဘူး။ လူမျိုးခြားတွေကြားထဲမှာ ကြီးပြင်းလာရတာရယ်၊ ရန်သူရဲ့ မှိုင်းတိုက်တဲ့ဒဏ်တွေ ခံရ တာရယ်ကြောင့်၊ အမျိုးကိုဘယ် လိုချစ် ရမှန်းတောင်မသိကြတော့ပါဘူး။ကျနော်ရွာမှာနေတုံးကဆို ကရင်တော်လှန်ရေး အကြောင်းတွေ နဲ့ ပါတ်သက်တဲ့စာစောင်တွေကို ခိုးပြီး ဖတ်ရတယ်။

ကရင့်တော်လှန်ရေးသူရဲကောင်းစစ်ဗိုလ်တွေ၊ ဘယ်သူဘယ်ဝါက တိုက်ခိုက်ရေးတော်တယ်၊ နာမည်ကြီး တယ် စသည်ပုဂ္ဂိုလ်တွေကိုတော့ လူကြီးတွေပြောပြမှသိရတယ်။လူချင်းတော့တခါမှမတွေ့ ဖူးဘူး။ ကျနော်တို့ ငယ်ငယ်တုံးကလည်း စစ်တိုက်တမ်းကစားရင်နာမည်ကြီးကရင်စစ်ဗိုလ်တွေရဲ့ နာမည်တွေကို အားကျလို့ ကိုယ့် ကိုယ်ကို အဲဒီ နာမည်တွေ တပ်ပြီးကစားကြတယ်။

အခြေအနေအရပ်ရပ်ကြောင့်ကိုယ့်ရပ်ကိုယ့်ရွာကနေထွက်ခွါခဲ့တဲ့နောက်ပိုင်းမှာ ကရင်တော်လှန်ရးအသိုင်း အ၀ိုင်းတွေနဲ့ ပိုပြီးနီးစပ်ခွင့်ရသလို၊    စာရေးဆရာရေဆန်လိုခ်ါတဲ့ အတီးမန်းရှာ ရေးတဲ့ကဗျာ ၊ဆောင်းပါး တွေ လည်း လေ့လာဖတ်ရှုခွင့်ရခဲ့တယ်။အတီးမန်းရှာနဲ့ လူချင်းကိုတော့အထက်က
ကျနော်ပြောတဲ့အတိုင်း ၂၀၀၀.ခုနှစ် ၀န်းကျင်လောက်မှ စသိ၊ စတွေ့ တာပါ။အတီးမန်းရှာဟာ လူကို
တခါတွေ့  ဖူး၊စကားပြောဖူးတာနဲ့  မှတ်မိတယ်။အရေးတယူဆက်ဆံတယ်။

တခါကလည်း ကရင့်တော် လှန်ရေးနေ့ အခမ်းအနားမှာ  ကျနော်ကမှတ်တမ်းဓါတ်ပုံတွေလိုက်ရိုက် ရင်းနဲ့ ဗိုလ်ချုပ်မြအနား ကိုရောက်သွား တယ်။အတီးမန်းရှာက ကျနော်နားမှာရောက်လာပြီးတော့ ကျနော်ကို ဗိုလ်ချုပ်မြဆီခေါ်သွားပြီးတော့ ဒါဟာဘယ်သူပါလို့ ကျနော်နာမည်ကိုခေါ်ပြပြီးတော့ ဗိုလ်ချုပ်မြနဲ့  မိတ်ဆက်ပေးပါတယ်။

နောက်တခါ ပဒိုစောဘသင်စိန်ရဲ့ မွေးနေ့ မှာသွားရောက် ကူညီဖို့ သူငယ်ချင်းတယောက်ရဲ့ နောက်ကို ကျနော်လိုက်သွား တယ်။ မွေးနေ့ ကျင်းပရာအိမ်ခြံဝင်း အ၀င်မှာဘဲ အတီးမန်းရှာက ကျနော်ကို လှမ်းတွ့ တယ်။ သူထိုင်တဲ့စားပွဲဝိုင်းမှာ အခြားကေ အဲန်ယူခေါင်းဆောင်တွေ၊ မဟာမိတ်အဖွဲ့ အစည်း ကခေါင်းဆောင်တွေ  ထိုင်ပြီးတော့ စကားပြောကြတယ်။ အတီးမန်းရှာက ကျနော်ကိုခေါ်ပြီးတော့ သူထိုင်တဲ့ စားပွဲဝိုင်းမှာ လာထိုင်ဖို့ ခေါ်တယ်။ 

ကျနော်က အတီးကိုအရမ်းအားနာ မိပြီးတော့ အလာဘ၊သလာဘတွေပြောပြီး မီးဖိုချောင်မှာ ကျနော်သွားဝိုင်းကူချင်ကြောင်း အကြောင်းပြပြီးတော့ မီးဖိုချောင်ဘက်ကို ကျနော်ထွက် သွားလိုက် တယ်။တကယ်တော့အတီးမန်းရှာဟာ တွေ့ တဲ့လူတိုင်းကို၊တန်းတူ ဆက်ဆံ တာသာမက သူ့ ကိုယ်သူ
နှိမ့်ချပြီး လဲဆက်ဆံတယ်။ အတီးမန်းရှာနဲ့ တွေ့ ဖူး၊ပြောဆို ဆက်ခံခဲ့ဖူးတဲ့သူတိုင်းလိုလို အတီး မန်းရှာကို လေးစားမိတယ်၊ ခင်မင်မိတယ်။

အတီးမန်းရှာဟာတ်ာလှန်ရေးကိုတကယ်ယုံကြည်သူ၊ရိုးသားဖြောင့်မတ်သူ၊အများတွေ ယုံကြည်
လေးစားခံထားရသူ၊ ခေါင်းဆောင်ကောင်းတို့ ရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူ စံပြပုဂ္ဂိုလ် တဦးဖြစ်ပါတယ်။    ဒီလိုပုဂ္ဂိုလ် ထူးတယောက်ကို လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာဟာ တကယ့် လူမဆန်တဲ့ လုပ်ရပ်တခုပါ။
ဒီလုပ်ရပ်ဟာ အတီးမန်းရှာ ပြောခဲ့ဘူးတဲ့မှတ်တမ်းဗွီဒီယိုတခုမှာလို “နအဖစစ်အာဏာရှင်တွေ ကကရင်တွေ ကို ထာဝရကျွန်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လုပ်တယ်”ဆိုတာဘဲဖြစ်တယ်။

၁၉၉၄ ဒီကေဘီအေတွေခွဲထွက်ပြီးတဲ့နောက်ပိုင်း၊ မာနာပလောစခန်းကျပြီးနောက်ပိုင်း ကရင့်တော်လှန်
ရေးအတွင်းအတော်လှုပ်ခါသွားပါတယ်။ တော်လှန်ရေးသမားတချို့ ရန်သူတွေနဲ့ ပေါင်းပြီးကိုယ်ကျိုးရှာ
သွားသလို တ ချို့ တွေလည်း တော်လှန်ရေးကို ကျောခိုင်းပြီး နိုင်ငံရပ်ခြားတွေမှာ သွားရောက် အခြေချကြပါတယ်။အတီးမန်းရှာ မဆုံး ခင်အထိ ကိုယ်ကျိုးရှာသမားတချို့ က ရန်သူတွေနဲ့ ပေါင်းပြီး အတီးမန်းရှာကို လူပုဂ္ဂိုလ်အလိုက်၊ အဖွဲ့  အစည်းအလိုက် ပြောဆိုဝေဖန်တာတွေလည်းရှိတယ်။

အတီးမန်းရှာ ဆုံးသွားပြီးနောက်ပိုင်းမှာတော့ ရန်သူနဲ့ ပြန်ပေါင်းတဲ့အဖွဲ့ တွေလည်းရန်သူအကြောင်းကို ပိုမိုသိရှိလာပြီး နှဖါးကြိုးအထိုးခံလိုက်ရတာ နာလာမှန်းသိလာတယ်။ နိုင်ငံရပ်ခြားမှာနေတဲ့ သူတွေလည်း တိုင်းပြည်မရှိတဲ့လူမျိုးတမျိုးဟာ ဘယ်လိုမျက်နှာငယ်ရတယ်၊ ဘယ်လိုဒုက္ခရောက်ရတယ်ဆိုတာလည်း ကိုယ့်ကိုယ်ကိုနားလည်လာတယ်။ 

တချိန်တခါက ကေအဲန်ယူမကောင်းကြောင်းပြောပြီး ကိုယ်လွတ်ရုန်းထွက်ပြီးတော့အခုမှပြန်လာပြီး ကရင့်တော်လှန်ရေးအကြောင်းတွေ၊ အတီး မန်းရှာကောင်းကြောင်းတွေပြန်ပြောတာကြားလာတယ်။
ပြည်တွင်းရော၊ပြည်ပကပါရှိနေကြတဲ့သူတွေ အတီးမန်းရှာကောင်းကြောင်း အခုမှပြန်ပြောတဲ့သူအတွက်တော့လုံးဝကို နောက်ကျသွားပါပြီ။ကိုယ့်ခေါင်းဆောင်ကောင်း တယောက်၊ အသက်ရှိစဉ်အခါကတန်ဖိုးထါးရမှန်း၊၀ိုင်းဝန်းကူညီရမှန်း၊ပူးပေါင်းလုပ်ဆောင် ရမှန်းမသိတာအရမ်းကိုရင် နာဖို့ ကောင်းပါတယ်။ ဒါပေမဲ့ကရင့်တော်လှန်ရေးအ တွက်တော့ အချိန်မှီပါသေးတယ်။

ယနေ့အချိန်အခါအထိ ကော်သူးလေဆိုတဲ့ ကျနော်တို့ မြေပေါ်မှာ အမျိုးသားတော်လှန်ရေးအတွက် တကယ်ပေးဆပ်တဲ့ သူ၊ အမျိုးကိုတကယ်ချစ်တဲ့သူ၊ ရန်သူကိုတကယ်တိုက်တဲ့ သူရဲကောင်းတွေ
အများကြီးရှိပါတယ်။ ပြည်တွင်းရော ပြည်ပကပါ ရှိနေကြတဲ့မျိုးချစ်ညီ အကိုတွေ အတီးမန်းရှာ ဆုံးရှုံးရတာကို သင်ခန်းစာယူပြီး မိမိတို့ တတ်နိုင်တဲ့ဘက်မှာ တော်လှန်ရေးကို အထောက်အကူပြုအားပေးရမှာဖြစ်ပါတယ်။ ကရင့်အမျိုးသားရေးနဲ့ ပါတ်သက်ပြီး သင်ခန်းယူစရာတွေလည်း ယူတတ်ရင် တပွေ့ တပိုက်ကြီး၊ 
တထမ်းတပိုးကြီး ယူလို့ မကုန်အောင်ရှိပါတယ်။ဒါတွေကို ကျနော်တို့ အထူး သတိထားသင့်ပါတယ်။

ကရင့်တော်လှန်ရေးမှာ အာဇာနည်ပေါင်းထောင်သောင်းမက အသက်ကိုပေးဆပ်သွားပြီးဖြစ်ပါတယ်။ တချို့ ဆို သမိုင်းစာမျက်နှာတွေမှာ နာမည်ကမ္မည်းထိုးခံရတဲ့လူရှိသလို မထင်မရှားနဲ့ အသက်ပေးဆပ်ရတဲ့ သူရဲကောင်း တွေလည်းအများကြီးရှိပါတယ်။ကျနော်တို့ လူငယ်တွေအတွက်တော့အရင်ကအသက်ပေးဆပ်သွားတဲ့ အထင်ကရ အာ ဇာနည်ခေါင်းဆောင်တွေအကြောင်းကို သမိုင်းစာမျက်နှာတွေမှာဘဲဖတ်ရပါတယ်။

ကျနော်တို့ မှီတဲ့ခေတ်၊ ယနေ့ အချိန် အခါမှာတော့ အသက်ပေးဆပ်သွားတဲ့ခေါင်းဆောင်တွေထဲမှာ အရည်အချင်းနဲ့ ပြည့်ဝသော ၊တော်လှန်ရေးသမားတို့ ၏ စံပြပုဂ္ဂိုလ်ဖြစ်သော
ပဒိုမန်းရှားလာဖန်းကျဆုံးတဲ့နေ့  ကို ကရင်အမျိုးသားတဦးဖြစ်တဲ့ကျနော်တယောက်အနေဖြင့်
ကရင်လူမျိုးတို့ ရဲ့ ဒုတိယအာဇာနည်နေ့ လို့ သတ်မှတ်ခေါ်ဝေါ် ဖို့     အဆိုပြုရင်း စာဖတ်သူမျိုးချစ်ကရင်များ သဘောတူ လက်ခံ လေမလားပါဘဲ။။။

မန်းအာကာထက်

No comments:

Post a Comment