Monday 16 January 2012

နှစ်ပေါင်း၆၀- ကျော်ကြာ ပဋိပက္ခ နှင့်

-နာရီကြာအောင်ဆွေးနွေးစရာမလိုသော ငြိမ်းချမ်းရေး...










မန်းဒဲ့ဒိုး16/01/2012.

``ယနေ့ ကျနော်တို့ ကရင့်အမျိုးသားခေါင်းဆောင်များ ရန်သူနှင့်ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ကရင်လူမျိုးများအပါအ၀င် မြန်မာနိုင်ငံသူ/သားအားလုံးအတွက် တကယ့်ငြိမ်းချမ်းသော ငြိမ်းချမ်းမှုအစစ်အမှန်များ ဆွေးနွေးနိုင်ပါစေ..``
ငြိမ်းချမ်းရေးဆုတောင်းပွဲတခုမှ ညီအစ်ကိုတယောက်က ဆုတောင်းတဲ့အသံဖြစ်ပါတယ်။

ဒီလိုဆုတောင်းပွဲဖြစ်လာတာလဲ အင်္ဂလန်နိုင်ငံကိုရောက်နေနတဲ့ ကေအင်န်ယူ အထွေထွေအတွင်းရေးမှုးချုပ်ဟောင်း ပဒိုမန်းရှာရဲ့ သမီး နန်းဘွာဘွာဖန်းကနေပြီးတော့ အင်တာနက်ကနေတဆင့် ကေအင်န်ယူကိုယ်စားလှယ်တွေ ရန်သူတွေနဲ့ ငြိမ်း ချမ်းရေးဆွေးနွေးတဲ့နေ့ မှာဘဲ ပြည်ပတွေမှာရောက်ရှိနေကြတဲ့ ကျနော်တို့  ကရင်မိသားစု၊အသိုင်းအ၀ိုင်းတွေက ကိုယ့်ရဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေ 
ဆွေးနွေးပွဲအဆင်ပြေချောမွေ့ စေဖို့ အတွက်၊ သက်ဆိုင်ရာနိုင်ငံတကါရှိ မြန်မာသံရုံးတွေမှာ ဆန္ဒတွေဖေါ်ထုတ်ကြဖို့ ၊ သို့ မဟုတ် ကိုယ်နေထိုင်ရာမြို့ ရွာတွေမှာ ရှိတဲ့မိသားစုတွေအသိုင်း
အ၀ိုင်းတွေစုပြီး ရိုးရာဆုဆောင်းပွဲတွေလုပ်ဖို့ တိုက်တွန်းထားတာရှိပါတယ်။

ကျနော်ရောက်တဲ့အရပ်မှာ မြန်မာသံရုံးကိုသွားပြီး ဆန္ဒတွေသွားဖေါ်ထုတ်ဖို့  အခြေအနေမပေးတဲ့
အတွက် အိမ်မှာဘဲ စုတောင်းပွဲတခုလုပ်ဖို့ ဆုံးဖြတ်ပြီး...ဒီမြို့ မှာရောက်ရှိနေကြတဲ့ 
မြန်မာပြည်သားတိုင်းရင်းသားတွေကို လက်လှမ်းမှီရာ ဖိတ်ပြီး ဆုတောင်းပွဲလေးတခုလုပ်ဖြစ်တာပါ။
ဆုတောင်းပွဲမှာ အလုပ်ပိတ်တဲ့ရက်တွေမဟုတ်လို့ လူဦးရေ သိပ်မများပေမဲ့ တိုင်းရင်းသားတွေစုံသလောက်နီးပါးဘဲ ရောက်လာကြတာတွေ့ ရတယ်။ ရောက်လာကြတဲ့
ညီအကိုတွေကလဲ မိမိတို့ ရဲ့ ရိုးရာအလိုက် (သို့ )ယုံကြည်ရာဘာသာအလိုက် ကေအင်န်ယူ ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆုတောင်းမေတ္တာပို့ ကြပါတယ်...
ပြီးတာနဲ့ အစားအသောက်တွေ သုံးဆောင်ဖို့ ပြင်ဆင်တဲ့အချိန်မှာဘဲ...
``ဟေ့...ဟေ့...ဒီမှာတွေ့ လား....ကေအင်န်ယူနဲ့  ဗမာတွေငြိမ်းချမ်းရေး
လက်မှတ်ထိုးလိုက်ပြီး တွေ့ လား``

အင်တာနက်ထဲက သတင်းကိုကြည့်ပြီး သူငယ်ချင်းတယောက်က ထအော်လိုက်တဲ့အသံပါ။
`` ...မင်းကလဲ..ဟုတ်မှလဲပြောကွာ....အခုဘဲ ငါတို့ ဆုတောင်းတာ..အခုဘဲ...လက်မှတ်ထိုးနိုင်ခဲ့တယ်ဆိုတာ ဟုတ်ပါ့မလားကွာ....``
``ဟုတ်မဟုတ် ဒီမှာကြည့်လေသတင်း...ဒီမှာ...ဒီမှာ``
ကွန်ပျူတာရှေ့ မှာ ကျနော်တို့ ဝိုင်းအုံပြီး အဲဒီသတင်းကို ကြည့်ကြတယ်။ အချို့ ဆိုလက်ခုပ်ပါတီးကြ
ပါတယ်။
``ဒါဆိုရင် ငါတို့ စုတောင်းတွေ ပြည့်စုံပြီပေါ့နော်``

``အေးပေါ့ကွ...၀မ်းသာလိုက်တာကွာ``
``ကျနော်တခုမေးချင်တယ်ကွာ...စိတ်မဆိုးနဲ့ နော်...အခုသွားတဲ့ကိုယ်စားလှယ်တွေထဲမှာ ရာထူးရာခံတွေရှိတဲ့သူမပါဘူးလား``
``ဟာ..ဘယ်လိုပြောလိုက်တာလဲ...ပါတာပေါ့ကွ....အဖူ့ မူတူးစေးဆိုရင် စစ်ဦးစီးချုပ်လေ``
``အေး..ဒါဆိုရင် ..ဘာဖြစ်လို့ စစ်ဦးစီးချုပ်ယူနီဖေါင်းမ၀တ်တာလဲ...ကရင်မှန်းတော့လူတွေအားလုံးနီးပါးသိပါပြီ``
``အေးဟုတ်တယ်ကွ...နိုင်ငံတကါမှာ အစိုးရနဲ့ တော်လှန်ရေးသမားတွေ ဆွေးနွေးပွဲတွေလုပ်တာ ရိုးရာဝတ်စုံဝတ်တာ သိပ်မတွေ့ ရဘူးကွ...မြန်မာပြည်က ကချင်တို့ ဆိုရင်လဲ ဗမာအာဏာပိုင်တွေနဲ့ ဆွေးနွေးတဲ့အခါ ကိုယ့်စစ်ယူနီဖေါင်းဘဲဝတ်ကြတယ်ကွ...``
ဆုတောင်းပွဲမှာရောက်လာတဲ့ ဧည့်သည်ညီအကိုတွေက တယောက်တပေါက်ပြောကြတဲ့ စကားတွေ
ပါ။ ကျနော်ကအိမ်ရှင်ဆိုတော့ ဧည့်သည်တွေစားဖို့ ထမင်းဝိုင်းတွေပြင်ပေးရင်းနဲ့ သူတို့ ရဲ့ စကားဝိုင်း
ထဲကို ကျနော် ၀င်မပြောဖြစ်ဘူး....ဒါပေမဲ့သူတို့ ပြောတဲ့စကားလုံးတိုင်းလိုလိုတော့ ကြားနေရပါတယ်။

``ယူနီဖေါင်းကိစ္စတော့ထားလိုက်ပါတော့ကွာ...ကျနော်တို့ ဒီထက်အရေးကြီးတဲ့တခုစဉ်စားရမှာက..
.ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၀-ကျော် ဆင်နွှဲလာခဲ့ပြီးတော့မှ ရန်သူနဲ့ .ငြိမ်းချမ်းရေးဆွေးနွေးတာ ၆-နာရီကြာအောင် မဆွေးနွေးရဘဲ ငြိမ်းချမ်းရေးလက်မှတ်ထိုးလိုက်ပြီးဆိုတော့ သဘာဝကျမလား ကွာ``...``ဒီအချိန်လေးနဲ့ လက်မှတ်ထိုးနိုင်လောက်တဲ့ လုံလောက်တဲ့အချိန်ရှိလို့ လားကွာ...
ဧည့်သည်တော်တယောက်ရဲ့ ပြောစကားကြောင့် ကျနော်တို့ အားလုံး တချက်ငြိမ်သက်သွားသလို ခံစားလိုက်မိသည်။......
…............................................
အဲဒီနေ့ မှာ ဆုတောင်းပွဲအပြီး အစားအသောက်တွေ စားသောက်ကြရင်းနဲ့  ကေအင်န်ယူငြိမ်းချမ်းရေးလက်မှတ်ထိုးတဲ့ကိစ္စအပါအ၀င် မြန်မာ့နိုင်ငံရေးတွေ
စုံလင်သလောက် ကျနော့်ရဲ့ ဧည့်သည်တွေက ဆွေးနွေးပြောဆိုကြပါတယ်။ဒါပေမဲ့ အကြောင်းအရာများစွာထဲက ကျနော့်ရဲ့ ခေါင်းထဲမှာ စွဲညှိနေတဲ့မေးခွန်းတခုကတော့ 

 ``ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၀-ဆင်နွှဲလာခဲ့ပြီးတော့မှ ရန်သူနဲ့ .ငြိမ်းချမ်းရေးဆွေးနွေး
တာ ၆-နာရီကြာအောင် မဆွေးနွေးရဘဲ ငြိမ်းချမ်းရေးလက်မှတ်ထိုးလိုက်ပြီးဆိုတော့ သဘာဝကျမလားကွာ``
``နှစ်ပေါင်း ၆၀-ကျော်...``....................``-နာရီကြာအောင် မဆွေးနွေးရဘဲ...``
``နှစ်ပေါင်း ၆၀-ကျော်...``....................``-နာရီကြာအောင် မဆွေးနွေးရဘဲ...``
``နှစ်ပေါင်း ၆၀-ကျော်...``....................``-နာရီကြာအောင် မဆွေးနွေးရဘဲ...``

…..................

ဟုတ်ပါတယ်...နှစ်ပေါင်း၆၀-ကျော်ကြာ နိုင်ငံရေး/အမျိုးသားရေး/လူမျိုးရေးပဋိပက္ခ တခုကို တမွန်းတည့်ဘဲ/တထိုင်ဘဲ ဆွေးနွေးလို့ မှန်ကန်တဲ့အဖြေထွက်လာနိုင်ပါ့မလား.....အဖြေဘဲထွက်
လာအုံးတော့ တခါတည်းလက်မှတ်ရေးထိုးဖို့ သင့်တော်သလား....

ဆွေးနွေးပွဲမသွားခင်...အများက ခန့် မှန်းတာကြတာတော့...အနည်းဆုံး ၃-၄ ရက် အကြိတ်အနယ်ဆွေးနွေးသည့်တိုင် ငြိမ်းချမ်းရေးသဘောတူညီ လက်မှတ်ရေးထိုး ဖို့ မလွယ်သေးဘူး...ဆွေးနွေးညှိနှိုင်းရမဲ့ ကိစ္စတွေကလဲ တောင်ပုံယာပုံဖြစ်နေလို့ ပါ။ 
ဒါပေမဲ့ လက်မှတ်ထိုးဖို့ ကို ၀ိုင်းအော်ပေးတဲ့ ဗမာမီဒီယာတချို့ တော့ရှိတာပေါ့...
….......................
အပစ်ရပ်ငြိမ်းချမ်းရေးသွားကတည်းက ကြိုဆိုကြတဲ့ပုံတွေ၊ ညစာစားပွဲတွေနဲ့ တည်ခင်း ဧည့် ခံကျွေးမွေးတာတွေလည်း သံသယ၀င်စရာတွေဖြစ်နေပါတယ်.။ အပစ်ရပ်ငြိမ်းချမ်းရေးတွေတောင် မဆွေးနွေးရဘဲနဲ့ အရင် စားပွဲ၊သောက်ပွဲတွေနဲ့  ...အောင်ပွဲခံသလိုဖြစ်နေပါတယ်။ဗမာအာဏာပိုင် တို့ ရဲ့ ဧည့်ခံပုံတွေက ကရင်တွေကို လုံးဝ နှောကျေပုံရပါတယ်...ဖထီးတွေကို ပုခုံးဖက်လိုက် ဟိုဟာပွတ်သပ် ဒီဟာပွတ်သပ်လိုက်၊ ခဏလေးကြာ အောင်ပွဲခံတဲ့အထိမ်းအမှတ်လိုမျိုး ခွက်ချင်းတိုက်လိုက်၊ အရှိန်ရလာတာနဲ့ ထကပြလိုက်နဲ့  ကြည့်ရတဲ့လူအဖို့  မျက်နှာလဲပူမိသလို၊ ဒေါသတွေလဲထွက်မိတာအမှန်ပါဘဲ။


တကယ်တော့ အခုသွားတဲ့ခရီးစဉ်ဟာ ကရင်လူမျိုးတွေအတွက်ရော တိုင်းရင်းသားပြည်သူတွေ အားလုံးအတွက်ရော သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။အစားအသောက်ထိုင်စားတာ၊ သွားတာလာတာကအစ အိနြေ္ဒရှိရှိနဲ့ လုပ်ဆောင်နိုင်ရင်အကောင်းဆုံးပါ။

နောက်တခုက ဒီခရီးစဉ်က ကိုယ်သွားတာ ဘာတာဝန်တွေနဲ့ သွားတာလဲ...။ ဒီတာဝန်ကို အချိန်ဘယ်လောက်နဲ့ သွားဖို့ ဆုံးဖြတ်ထားလဲ၊ အကယ်၍ကိုယ်သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ
ကိစ္စတွေ အထ. မမြောက်ဘူးဆိုရင် ကိုယ်ဘာဆက်လုပ်ကြမလဲ၊ နောက်တခေါက်ထပ်တွေ့ ဖို့ ခြိမ်းပြီး ဌာနချုပ်ကို ပြန်လာပြီးတော့ ကိုယ့်အချင်းချင်းပြန်လာညှိနှိုင်းမလား...အခုတော့ဆွေးနွေးပွဲရဲ့ 

အနေအထားက တဖက်လူက``မောင်`` လို့ မခေါ်သေးဘဲ..ကိုယ်က ``ဗျာ``လို့ အရင်ထူးလိုက် သလိုဖြစ်နေပါတယ်။ နည်းနည်းအညှာလွယ်လွန်းရာ ကျနေသလိုဘဲ...

လက်မှတ်ထိုးလိုက်လို့ ကိစ္စပြီးလို့ ပြန်လာတာမဟုတ်ဘဲ...ရန်သူဗမာစစ်အုပ်စုရဲ့  မျှားခေါ်ရာနောက်ကို တကောက်ကောက်လိုက်၊ ဘယ်နေ့ ဘယ်ရက်လောက်မှ  
ဌာနချုပ်ကိုပြန်ရောက်နိုင်တယ်ဆိုတဲ့ ခန့် မှန်းပြောဆိုမှုတွေကလဲ ..ပိုပြီးတော့
ဂုဏ်သိက္ခာထိခိုက်စေပါတယ်။ နေပြည်တော်က ဒုသမ္မတနဲ့ တွေ့ ဆုံတော့ရော ဘာအကြောင်းတွေထူးလာတာလဲ...သူကဘာလုပ်ပိုင်ခွင့်ရှိလို့ လဲ...ဗမာတွေက တိုင်းရင်းသား ရုပ်ပြသမ္မတအနေနဲ့  နေရာပေးထားတာဘဲ...``မူအားဖြင့် ယာယီသဘောတူတယ်``ဆိုတဲ့  ဒုသမ္မတရဲ့ စကားကလဲ..ကသိကအောက်ဖြစ်စရာကောင်းပါတယ်။
….........................
ပဒိုအေးဗစ်သာကပေါနဲ့ မီဒီယာတွေအင်တာဗျူးတာ ကြားရတော့ ကေအင်ယူနဲ့ သိန်းစိန်အစိုးရ တို့ ရဲ့ ငြိမ်းချမ်းရေး အပစ်ရပ်လက်မှတ်ထိုးတဲ့လုပ်ရပ်ဟာ ကေအင်န်ယူအဖွဲ့ အစည်းအတွင်းမှာရော ၊ ကရင်လူထုအတွင်းမှာရော အခြေအနေတွေပိုပြီးရှုပ်ထွေးလာသလို ဂရက်တွေလဲ တနည်းတဖုံ ၇ိုက်ခတ်လာနိုင်ပါတယ်။ အစဉ်အလာကြီးမားတဲ့ ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ အစည်းရဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံအပေါ် သံသယစိတ်တွေဝင်လာမိတာအမှန်ပါဘဲ။ဘာကြောင့်လဲဆိုတော့ ပဒိုဒေးဗစ်ထောရဲ့ ပြောဆိုပုံအရ ငြိမ်းချမ်းရေးသွားဆွေးနွေးတာ တခါတည်းလက်မှတ်ထိုးဖို့  ၊နေပြည်တော်ကိုလိုက်သွားဖို့ အစီအစဉ်မပါဘဲ...သွားတဲ့လူတွေက ကိုယ်လုပ်ချင်ရာလုပ်သွား တဲ့အနေအထားမှာ တွေ့ နေရပါတယ်။

သဘောတူလက်မှတ်ထိုးထားတဲ့အချက်တွေထဲမှာလဲ ယျေဘူယအရမ်းကိုဆန်လွန်းပါတယ်.. 
အခြားဆက်လက်ဆွေးနွေးရမယ့်အချက်တွေလဲ...မူအားဖြင့်ဗမာစစ်အစိုးရက သဘောတူထားတာလောက်ဘဲဆိုတော့ ဘာမှသေချာရေရာမှုမတွေ့ ရပါဘူး...

စကားဆိုရိုးတခုရှိပါတယ်..ပစ္စည်းယူတယ်ဆိုတာ ငါးပြားဖိုးလဲယူတာဘဲ၊ တစ်ရာဖိုးလဲယူတာဘဲ။ ဆိုလိုတာက ကေအင်န်ယူနဲ့ ဗမာစစ်အစိုးရ လက်မှတ်ထိုးတာ ဘာအချက်တွေနဲ့ ဘဲထိုးထိုး၊ 
အားလုံးဟာ လက်မှတ်ထိုးတာပါဘဲ...ဒို့ ဖထီးကတော့ ငြိမ်းချမ်းရေးသဘောတူလက်မှတ်ထိုးတာ ``ဆယ်လှမ်းတလှမ်းဘဲ ရှိပါသေးတယ်``ဆိုပေမဲ့၊ ဗမာစစ်အစိုးရတွေအနေနဲ့ လုံးဝ(လုံးဝ)တွက်ခြေ
ကိုက် သွားပါပြီး...ဗမာစစ်အစိုးရကဘဲ တစိတ်ကိုတအိတ်လုပ်လိုက်တာလား၊ ဒို့ ဖထီးတွေကဘဲ 
တအိတ်ကို တစိတ်လုပ်လိုက်တာလားတော့ ကါယကံရှင်တွေကဘဲအသိဆုံးဖြစ်ပါတယ်။
လက်မှတ်လဲ ထိုးပြီးရော၊ မဟာလူမျိုးကြီးဝါဒ ဗမာတွေက ချက်ချင်းဆိုသလို ဇာတိရုပ်ပေါ်လာတော့တာပါဘဲ.. 

မြန်မာစစ်အစိုးရက အာဆီယမ်ဥက္ကဌရာထူးလက်ခံရရှိပြီး သမ္မတဦးသိန်းစိန်က ဘာလီကျွန်းမှာ သတင်းထောက်တွေကို အပေါ်စီးကနေ လူပါးဝတဲ့ခွေးပါးစပ်နဲ့ အင်တာဗျူးပေးသလိုမျိုးပေါ့။ အခုလဲ လက်မှတ်ထိုးပွဲမှာ အဓိကဇာတ်ဆောင်သူ ငအောင်မင်းကတော့ ကရင်တွေလက်နက်ကိုင်တာ ထမင်းငတ်လို့ ကိုင်တာလို့ ဆိုပြီး...ငခင်ရီကတော့ ကရင်တွေလက်နက်ကိုင်တာ မြန်မာနိုင်ငံသား မှတ်ပုံတင်လိုချင်လို့ ဆိုဘဲ......ကဲကောင်းကြသေးရဲ့ လားဗျာ....

ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ကိုယ်တိုင်ပြန်ရိတ်သိမ်းရမယ်ဆိုတဲ့ စကားပုံရှိပါတယ်။ယခုလူတစုလေးက လုပ်သွားတဲ့ကိစ္စဖြစ်ပေမဲ့၊ ဖြစ်ပေါ်လာမယ့် ကောင်းကျိုး/ဆိုးကျိုးတွေကိုတော့ ကရင်
တမျိုးသား လုံးသာမက မြန်မာပြည်သားတိုင်းရင်းသားအားလုံးက ရင်ဆိုင်ပြီး၊ ပြန်လည်ဝိုင်းဝန်း ရိတ်သိမ်းရမှာဖြစ်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ငြိမ်းချမ်းရေးလက်မှတ်တခုကို ၆-နာရီကြာအောင်ဆွေးနွေးစရာမလိုဘဲ ရယူနိုင်ခဲ့လို့ ၎င်းနဲ့ ထိုက်တန်တဲ့ ကောင်း/ဆိုးကျိုးကို နှစ်ဦးနှစ်ဖက်က ခံစား/ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ကျနော်တို့ ကရင်တမျိုးသားလုံးအတွက်တော့ နှစ်ပေါင်း ၆၀-ကျော်ကြာ တော်လှန်ရေး ဆင်နွှဲခဲ့ရ၊ ပေးဆပ်မှုတွေနဲ့ ထိုက်တန်တဲ့ ရလဒ်ကို တနေ့  အကျိုးခံစားရလိမ့်မယ်
လို့ မျှော်လင့်မိပါတယ်။


12/11/2011.









No comments:

Post a Comment