Monday 5 September 2011

အာဃာတနှင့် ခွင့်လွှတ်ခြင်းတရား


                                 ပဒိုမန်းငြိမ်းမောင်ရဲ့  ကိုယ်တိုင်ဖြတ်သန်းလာခဲ့တဲ့ ဖြစ်ရပ်ပါ...


အာဃာတနှင့် ခွင့်လွှတ်ခြင်းတရား(နိဂုံးပိုင်း)

ရဲဘော်ရှောင်း

     အင်းစိန်ထောင်နဲ့ ကိုကိုးကျွန်းတွေမှာ သုံးနှစ်ကျော်အပြင်လောကနဲ့ ခွဲခွါခဲရပြီး အခုပထမဆုံး ရထားပေါ်မှာ တွေ့ ရတဲ့ခရီးသည်တွေကို ကြည့်ရတာ အားလုံးဟာ ကျက်သရေရှိတဲ့ မျက်နှာတွေလို့ ကျနော်ခံစားရတယ်။ ရထားတွဲကခရီးသည်တွေက ကျနော်ကို စူးစမ်းတဲ့ မျက်လုံးတွေနဲ့ လေ့လာနေကြတယ်။ ကျနော်တို့ ထိုင်နေတဲ့ခုံ မျက်နှာချင်းဆိုင်မှာ အစ်ကိုကြီးတယောက်နဲ့ အစ်မကြီးတယောက်၊ အစ်မကြီးက တကိုယ်လုံးမှာ ရွှေတွေ
ညွတ်နေအောင် ၀တ်ထားတယ်။ ကျနော့်ကိုဂရုဏာသက်နေတာ သူ့ မျက်နှာတွေ က ဖေါ်ပြနေပါတယ်။မိန်းမသားတို့ ရဲ့ မွန်မြတ်တဲ့ မိခင်စိတ်ဟာ မြတ်နိုးကြည်ညိုဖွယ်ရာဘဲဖြစ်တယ်။ အစ်ကိုကြီးက ကျောက်ပေါက်ရာသက်သက် မျက်နှာမှာရှိပြီး၊ သက်လတ်ပိုင်းအရွယ်ရှိတယ်။ 

ကျနော့်ကိုစိတ်ဝင်စားတယ်၊ အဲဒီခေတ်ကါလက မှောင်ခိုတွေခေတ်ထတဲ့အချိန်ဆိုတော့ ရထားတတွဲ
လုံးဟာ အမျိုးသမီးတွေက အများစုဘဲ။ အမေအရွယ်၊အမအရွယ်၊ ကျနော်နဲ့ ရွယ်တူအရွယ်တွေ နဲ့ ညီမအရွယ်တွေ၊ သူတို့ ဟာတလမ်းလုံး စားကြသောက်ကြနဲ့ ၊ငွေရွှင်နေတာမှန်းသိသါတယ်။ 
ကျနော့်ကိုလဲ စားပါအုံး၊ သောက်ပါအုံး ဆိုပြီးတော့၊ လက်ဟန် ခြေဟန်၊ မျက်စိမျက်ကဲနဲ့ ၊ဖိတ်မန္တက
ဧည့် ၀တ်ပြုရှာကြပါတယ်။ ကျနော်ကတော့ ပြုံးရုံသာပြုံးပြီး ခေါင်းညိမ့်ပြပါတယ်။ 

သုံးနှစ်ကျော်ထောင်တွင်းမှာ နေခဲ့ရတဲ့ကါလအတွင်းမှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့အပြုအမူ၊ ပတ်ဝန်းကျင်နဲ့ သာ တွေ့ ကြုံဆက်ဆံခဲ့ရပြီး၊ လူသားတွေရဲ့ လူ့ အကြင်နာ၊ လူ့ မေတ္တာ၊ ဂရုဏါတရားတွေနဲ့ လွှမ်းခြုံနေတဲ့ ပတ်ဝန်းကျင်အရိပ်ကလေးမှာ ကျနော်တခဏရောက် ရှိနေခိုက်မှာ အေးချမ်းမှုကိုခံစားနေရပါတယ်။

ကျနော့်အ၀တ်အစားတွေက ကျွန်းမှာတုံးကထုတ်ပေးထားတဲ့ လွှာချည်ခေါင်အဖြူခံ အပြာစင်းကို အုန်းခွံနဲ့ ပြန်ပြီးပတ်ဆိုးထားတဲ့အတွက် ညိုမွဲမွဲဖြစ်နေတယ်။ ကျနော်ရောက်နေတဲ့ လူသား ပတ်ဝန်းကျင်နဲ့ ကျနော်နဲ့ က အသွင်အပြင်ချင်းကလည်းမတူ အဆင်အယင်ချင်းကလည်းမတူ လွန်စွာဘဲခြားနားနေပါတယ်။

ခရီးသည်တွေက ကျနော့်ကိုကျွေးချင်မွေးချင်ပါတယ်။ တလမ်းလုံးရထားဆိုက်တဲ့ သထုံ၊ ဘီးလင်း၊
မုပ္ပလင်၊ စစ်တောင်းဘူတာတွေမှာ စားဖွယ်သေါက်ဖွယ်ရာတွေဝယ်ပြီး၊ အစောင့်တွေဆီက
ခွင့်တောင်းပြီး ကျနော့်ကိုကျွေးမွေးကြတယ်။ လူသားချင်းစာနာထောက်ထားတတ်တဲ့
မေတ္တာ၊ ဂရှုဏာလွှမ်းတဲ့ ပတ်ဝန်းကျင်ကလေးမှာ ခဏတာ ဖြတ်သန်းထိတွေ့ ခဲ့ရ ဆက်ဆံခဲ့ရတဲ့ ဘ၀ခဏတာလေးဟာ ခုဆိုရင် နှစ်ပေါင်းသုံးဆယ်ကျော်တောင် ကျော်လာခဲ့ပါပြီ။ ခုထိကျနော်မေ့ 
လို့  မရနိုင်သေးပါဘူး။

အထူးသဖြင့် ကျနော်နဲ့ ရထားထိုင်ခုံရဲ့ မျက်နှာချင်းဆိုင်မှာ တနေ့ တာဆုံတွေ့ ဆက်ဆံခဲ့ရတဲ့ အမကြီးနဲ့ အကိုကြီးကို ခုထိကျနော်မမေ့သေးပါဘူး။ ကျနော့်ကို တလမ်းလုံးပြုစုကျွေးမွေးပြီး၊ သူတို့ ရဲ့ မေတ္တာဂရုဏာကို ဖေါ်ပြသွားတာ ကျနော်တသက် မေ့လို့ မရနိုင်သေးပါဘူး။အခွင့်အခါ
ကြုံရင် အတုံ့  အလှည့်အနေနဲ့ ကျနော်ကျေးဇူးဆပ် ကန်တော့ချင်ပါသေးတယ်။

ညနေစောင်းမှာ ရထားက ရန်ကုန်ဘူတာကြီးကိုဆိုက်ပါတယ်။ တလမ်းလုံးတယောက်နဲ့ 
တယောက် စကားမပြောခဲ့ရတဲ့၊ ဘ၀တူခရီးသည်ချင်း အခုရထားဆိုက်လို့  နောက်ဆုံး
လူချင်းခွဲခွါနီးမှာ အစ်မကြီးက``သွားတော့မယ်နော်.."ဆိုတဲ့ မိခင်တို့ ရဲ့ သားငယ်ကို နှုတ်ဆက်တဲ့ ဂရုဏာလွှမ်းတဲ့အသံနဲ့ ၊တခွန်းတည်းသောနှုတ်ဆက်စကားကိုပြောပြီး၊ ရထားပေါ်ကဆင်း
သွားပါတယ်။ အစ်ကိုကြီးကလည်း ``သွားမယ်ညီလေး" ဆိုပြီးနှုတ်ဆက်သွားပါတယ်။

ခရီးသည်တွေအားလုံး ရထားပေါ်ကဆင်းပြီး ရန်ကုန်ဘူတာကြီးမှာ ခရီးသည်တွေအားလုံးနီးပါး ရှင်းလောက်မှ၊ သူတို့ ကျနော့်ကိုခေါ်ပြီးဆင်းပါတယ်။ စိတ်ထဲက လေးလေးလံလံနဲ့ ဘဲ ပါးကွက်အာဏာသားတွေနောက်ကို ခြေကျင်းခတ်ထားတဲ့ သံကြိုးစကိုကိုင်ပြီး ကျနော်လိုက်ပါ
သွားပါတယ်။

ပေါင်မုန့် ကါး(မိုက်ခရိုဘတ်စ်)နဲ့ ခေါ်လာပြီး ကားက အတော်လေးကြာအောင်မောင်းပြီးတော့၊ အင်းစိန်ထောင်ရဲ့  ထောင်ဗူးဝရှေ့ မှာ ၊ကားရပ်သွားပါတယ်။ ထောင်ဗူးဝမှာ ကျနော့်ကို ကါးပေါ်ကနေခေါ်ချပြီး၊ မြေပေါ်ကိုရောက်တာနဲ့ ထောင်ဗူးဝအပေါ်ကိုမော့ကြည့်လိုက်တော့ အဲဒီခေတ် အဲဒီအခါက အချက်အချာကျတဲ့နေရာတိုင်းမှာ တွေ့ ရတတဲ့(မဆလ)ရဲ့ ``ကျွန်ုပ်တို့ ယုံကြည်ချက်" ဆိုင်းဘုတ်ကြီးကို အပြာခံမှာ စာလုံးအဖြူနဲ့ ရေထားတဲ့ ``ဤလောကတွင် လူလူချင်းခေါင်းပုံဖြတ်၍ မတရားအမြတ်ရှာစားသော စီးပွါးရေးစနစ်ဆိုးများ တည်ရှိနေသမျှ ကါလပါတ်လုံး လူအပေါင်းကို လူမှုဒုက္ခများမှ လွတ်မြောက်စေနိုင်လိမ့်မည်ဟုမယုံကြည်" ဆိုတဲ့ဆိုင်းဘုတ်ကြီးကို ရိပ်ခနဲ 
ဖတ်လိုက်ရတယ်။

ထောင်ဗူးဝထဲကိုဝင်လိုက်ပြီးတော့ ကျနော့်ကို စောင်နဲ့ ခေါင်းကိုအုပ်ပြီး ခေါ်သွားပါတယ်။
လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ မှာ အဖမ်းခံရပြီးတော့ အောက်တိုဘာလထဲမှာ
ပထမအကြိမ် အင်းစိန်ထောင်ကိုဝင်ခဲ့တယ်။ ၁၉၆၉ ခုနှစ်၊ ဖေဖေါ်ဝါရီလထဲမှာ အင်းစိန်ထောင်
ကနေ ကိုကိုးကျွန်းကို ပို့ ခံခဲ့ရတယ်။အခု ဒုတိယအကြိမ် ပြန်ဝင်လာခဲ့ရရပြန်ပါတယ်။
…................................
တနေရာအရောက်မှာ စောင်စဆွဲပြီးခေါ်လာတဲ့ဝါဒါက ရပ်ပြီး ခေါင်းမှာအုပ်ထားတဲ့စောင်ကို ခွါလိုက်ပါတယ်။တာဝန်ကျထောင်မှူးကိုတွေ့ လိုက်ရတယ်။ ထောင်မှုးက ``ကျွန်းကနေထွက်ပြေးတာ ငါကဘယ်သူလဲလို့ အောင့်မေ့တယ် မင်းကိုး...``ဆိုပြီး ကျနော့်ကို နှုတ်ဆက်ပါတယ်။တဆက်တည်း သူကပြောလိုက်တယ်။ `` ဟေ့ကောင်တွေ သူ့ ချေကျင်းကိုဖြတ်လိုက်၊ မုန့် တွေ ဆေးလိပ်တွေကို မသိမ်းပါနဲ့ ``
တာဝန်ကျထောင်မှူးက ဦးသိန်းညွှန့် ၊ ကွန်းကိုမပို့ ခင် အင်းစိန်ထောင်အဆောင်()ကထောင်မှူး။ ()ဆောင်မှာ ကျနော်တို့ နေခဲ့ရတယ်။သူ့ လူတွေကို ညွှန်ကြားပြီးထွက်သွားပါတယ်။

           တိုက်အမှတ် ၅၊ အခန်း၂.....
တိုက်ခန်းရဲ့ သံတံခါးကို ၀ါဒါက``ဂျောင်း``ခနဲဆွဲဖွင့်ပြီး၊ ကျနော့်ကိုဝင်ခိုင်းတဲ့အချိန် ဟာ နေအတော်စောင်းနေပါပြီး။ ကျနော့်အပေါ်အင်္ကျီကိုချွတ်ပြီး သံတံခါးအကွယ်လေး ရဲ့ တိုက်ခန်းနံရံဘေးမှာ ဖုံတွေလှဲကျင်းလိုက်တယ်။ ပြီးတော့ အင်္ကျီကိုခေါက် ခေါင်းအုံးလုပ်ပြီး၊ လှဲလျောင်းအနားယူ မိန်းနေလိုက်တယ်။စိတ်ထဲကလဲ ရေရွတ်မိလိုက်တယ်။

``ဒီတိုက်ထဲမှာ တ၀ါ၊နှစ်ဝါလောက်တော့...၀ါဆိုရအုံးမယ်ထင်တယ်..``
တအောင့်လောက်ကြာမှ အရင်နေကြသွားတဲ့သူတွေက အုတ်နံရံမှာရေးခြစ်သွားတဲ့စာတွေကို လိုက်ကြည့်မိတယ်။ အုတ်နံရံမှာ တွေ့ လိုက်ရတဲ့နာမည်တွေက...မန်းအောင်ကြည်...မန်းဒါဝိတ်၊ သခင်ရန်ရွှေ။ ရခိုင်သေါတုဇန အရှင်ညာဏိန္ဒ....စိတ်ထဲမှာတော့. .``ဖထီးမန်းအောင်ကြည်...မန်းဒါဝိတ်..ခင်ဗျားတို့ နဲ့ ရေစက်မကုန်သေးပါလား..``လို့ .. 
ရေရွတ်လိုက်မိပါတယ်။ ဖထီးမန်းအောင်ကြည်နဲ့ ဆရာဦးအောင်ငွေတို့ ကို ပိုပြီးသတိရလာပါတယ်။
အနွှဲကြီး နွှဲလာပြီးမှ အကွဲကြီးကွဲခဲ့ရတဲ့ ကျနော်တို့ ရဲ့ အဖြစ်ကို ပြန်တွေးလိုက်ပြီးတော့၊ ရင်ထဲကဖေါ်ပြလို့ မရအောင် ခံစားရပါတယ်။

``ဒူးယားသူကြီး ဦးအောင်ရင်ကြောင့်.....ဒူးယားသူကြီးဦးအောင်ရင်ကြောင့်...`` ဆိုတဲ့ဒေါသနဲ့ အာဃာတမီးတွေဟာလဲ တဖွားဖွားတောက်လောင်လာပါတယ်။

ကျွန်းကနေထွက်ပြေးသွားတယ်၊ တပါတ်လည်ပြီးမှ ထောင်ထဲကိုပြန်ဝင်ရတဲ့ ကိုယ့်အဖြစ်
ကိုယ်ပြန်တွေးပြီး အတော့ကိုရင်ထုမနာ ဖြစ်ပါတယ်။``ရထားပေါ်မှာတုန်းက ငါခုန်ချ လိုက်ရင်ကောင်းကောင်းလွတ်တယ်..ငါမခုန်ချခဲ့လို့ ဒီလိုဖြစ်ရတာ..``ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်။ တခါ...ဆန့် ကျင်ဘက်အတွေးကလဲ ၀င်လာပြန်တယ်။

``ဒီလိုလဲဘယ်ဟုတ်မလဲလေ...ငါဟာ လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့တာဘဲ၊ တကယ်လို့ ငါခုန်ချခဲ့တာ လွတ်သွားတယ်ဘဲထားအုံးတော့ နောင်တချိန်မှာ ငါ့အတွက်သမိုင်းမကောင်းတာဖြစ်နေမယ်၊ ငါဟာ တကိုယ်ကောင်းဆန်တယ်၊ ကိုယ်လွတ်ရုန်းတယ်၊ ဒီလောက်ခက်ခက်ခဲခဲ အတူရုန်းကန်လာခဲ့ပြီးတော့
မှ ရဲဘော်ရဲဘက်စိတ်မရှိဘဲ တကိုယ်ကောင်းဆန် ကိုယ်လွတ်ရုန်းသွားတယ် မြင်ကြပြော
ကြတော့မယ်``

``အခု ဒီဆုံးဖြတ်ချက် ဒီလုပ်ရပ်သါလျှင်မှန်ပါတယ်၊ ဆရာဦးအောင်ငွေကို ကယ်လို့ ငါမလွတ်တာ ဘာဖြစ်သေးလဲ၊ ငါသေသွားလဲ တာဝန်ကျေတယ်။ သမိုင်းကောင်းတယ်၊ ငါ့ရဲ့ ရဲဘော်ရဲဘက်စိတ်ကို အကောင်းဆုံးဖေါ်ပြသွားတာဘဲ ဒီဆုံးဖြတ်ချက်သာလျှင် အမှန်ကန်ဆုံးဖြစ်ပါတယ်..``

ကျနော်မလွတ်ရကောင်းလားဆိုတဲ့ ကိုယ့်အဖြစ်ကို ကြိတ်မနိုင်ခဲမရအပေါ်မှာ စိတ်တွေက 
အစွန်းနှစ်ဘက်ကို ဟိုရောက်ဒီရောက်ဖြစ်နေ လွန်ဆွဲနေတယ်။ရထားပေါ်ကအဖြစ်အပျက်
ဟာ ကျနော်ကကျောင်းသားဆိုတော့ ကျနော့်ကိုစောင့်တဲ့စစ်သားက လျှော့တွက်တယ်။
သူ့ သေနတ်ကို သူ့ နဲ့ ကျနော်နဲ့ ကြားမှာ ထောင်ထားတယ်။ကျနော့်အတွက် အခွင့်အလမ်းက သိပ်သာတယ်။ ကျနော်ဒီသေနတ်ကိုကောက်ယူပြီး ခုန်ချလိုက်တာနဲ့ ကောင်းကောင်း လွတ်မြောက်သွားနိုင်တယ်။ ဒါပေမဲ့  ...ကျနော်ဒီလိုလုပ်လိုက်ရင် ဦးအောင်ငွေရဲ့ ကံကြမ္မာဟာ
မတွေးရဲစရာ သိပ်ဆိုးသွားမယ်။

ကျနော်ဆုံးဖြတ်လိုက်တာက သေနတ်ကိုယူပြီး တွဲအပြင်ခုန်ထွက်မယ်။ အစောင့်တွေကို ပစ်ချမယ်၊ ပြီးတော့မှ ဦးအောင်ငွေကိုပါ အရကယ်မယ်၊ နှစ်ယောက်သား လွတ်ရင်လဲအတူတူ သေရင်လဲ အတူတူဆိုပြီး..ဒီဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့တာဖြစ်တယ်။

ကိုယ့်ကိုယ်ကို အားပေးနှစ်သိပ်လိုက်ပါတယ်..``လွန်ခဲ့ပါပြီ..ပြီးခဲ့ပါပြီ..``ရှေ့ ကိုကြုံလာမယ့်အခြေအနေ
ကိုသာ အကောင်းဆုံးရင်ဆိုင်နိုင်အောင် ပြင်ဆင်ရမယ်..``စိတ်ကိုလဲ တင်းလိုက်ပါတယ်။

              ၁၉၇၀ ခုနှစ်..အောက်တိုဘာလကနေ ၁၉၇၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်.....
အဲဒီနေ့ က သင်္ကြန်အကြိုနေ့ မှာ လွတ်လာခဲ့တယ်။လွတ်တဲ့နေ့ မှာ ကျွန်းမှာအတူနေခဲ့ရတဲ့ ရဲဘော်တွေနဲ့ ဗြုန်းခနဲပြန်တွေ့ ရတယ်။ အဲဒီရဲဘော်တွေပြန်တွေ့ မှဘဲ ကျွန်းကရဲဘော်တွေ ပြန်ခေါ် တာသိရတယ်။ အဲဒီနေ့ က ကျွန်းရဲဘော် ၁၃ ယောက်၊ လူထုစိန်ဝင်း၊ မြင်းခြံကိုအောင်ငြိမ်း (ယခုဗမာပြည်ကွန်မြူနစ်ပါတီ)၊ ကိုအောင်ဘော်(ရကသအတွင်းရေးမှူး ကိုဥာဏ်ဝင်း၊ ကိုဥာဏ်ဝင်းညီ ကိုခင်မောင်ဝင်း၊ ကိုအောင်ဘော်...ဒီကျွန်းပြန်သုံးဦးဟာ ၁၉၇၅ ခုနှစ်မှာ ပဲခူးရိုးမတွင် ကေအင်န်ယူ လက်ချက်နဲ့ ကျဆုံး)၊ မင်းလှကိုထွန်းကြည်(ကွယ်လွန်သွားပြီးဖြစ်တဲ့ ဦးအောင်မေသုရဲဘော်)၊ ကိုအောင်ထီ(ရခိုင်စစ်မျက်နှာတွင်ကျဆုံး)၊ စောယုစိန်၊ ကိုကံမြင့်(ရမ်းဗြဲ)၊ ကိုမြတ်အောင်၊ 
ကိုအောင်သိန်း၊ ကျန်တဲ့ရဲဘော်တွေ မမှတ်မိတော့ပါ။

ကိုမြတ်အောင်က ကျွန်းအခြေအနေကိုရှင်းပြတယ်။ ကျွန်းမှာ...ကျွန်းဖျက်သိမ်းရေးတိုက်ပွဲ ဖြစ်ခဲ့
တယ်။ (၅၂)ကြာတယ်၊ ရဲဘော် ()ယောက်ကျဆုံးခဲ့တယ်။ ကျွန်းကိုဖျက်ပြီး ပြည်မကိုပြန်ခေါ်ခဲ့ရ
တယ်။ ကိုမြအောင်က ကျွန်းမှာထုတ်ပေးတဲ့ ထောင်ပုံစံ အင်္ကျီအဖြူစတစကို ကျနော်ကိုပေးတယ်။ ``ဒါ...ကျဆုံးသွားတဲ့ ကိုလေးမောင်ရဲ့ အင်္ကျီစဘဲ``
``ကျွန်းရဲဘော်တွေကို သုံးသုတ်ခွဲပြီးမှလွတ်တယ်။ ကျနော်တို့ ဟာ နောက်ဆုံးအသုတ်ဖြစ်တယ်..``

ထောင်ထဲမှာ နေခဲ့ရတဲ့ ကါလတလျှောက်လုံးမှာ သူကြီးဦးအောင်ရင်ကို ပြောခဲ့တဲ့စကားတခွန်းကို ကျနော်အမြဲသတိရနေတယ်။
``သူကြီး...ကျနော့်မျက်နှာကို သေသေချာချာကြည့်ထား...မသေရင် တနေ့ ...ခင်ဗျားဆီအရောက်ပြန် လာမယ်``ဆိုတဲ့စကား။

ကျနော်အင်းစိန်ထောင်မှာ ပြန်လွန်လာတဲ့အချိန်ဟာ သင်္ကြန်ကာလ၊ ကျနော်ရွာကိုပြန်သွားပါတယ်။ ရွာကထွက်လာတာ (၁၅)နှစ် ကျော်သွားပါပြီး။ အခုရွာပြန်ရောက်တော့ ဆွေမျိုးတွေက ၀မ်းနည်းဝမ်းသာ.။ ကျတော်အကိုကြီးရဲ့ မိန်းမ၊ မုဆိုးမဟာ လေဖြတ်ထားပြီးတော့ ကျန်းမာရေးမကောင်းဘူး၊ ကျနော့်အကို
ကြီးဟာ ကျနော်တို့ ငယ်ငယ်တုံးက ရွာမှာ သူကြီးရွေးခံရတယ်။ သူကြီးဟောင်းက လူတေ လူရှုပ်သူကြီး၊ ကျနော်တို့ အကိုကြီးကို အငြိုးထားတယ်။ သူ့ လူမိုက်တွေနဲ့ ကျနော်တို့ အကိုကြီးကို ရက်ရက်စက်စက် သတ်ခဲ့တယ်။ အဲဒီတုန်းက ကျနော်တို့ တမျိုးလုံး တဆွေလုံး ပူဆွေးသေါက ရောက်ခဲ့ကြရတယ်။မိဘတွေ ဦးတွေက ကျနော်တို့ ကို ဆုံးမခဲ့ကြတယ်...``ရန်ကိုရန်ချင်း မတုံ့ နှင်းနဲ့ ၊ ချစ်စကိုရှည်စေ...မုန်းစကိုတိုစေ၊ ဒီဃာဝုဇာတ်တော်ထဲက ဒီဃာဝုမင်းသားထုံးကိ နှလုံးမူပါ`` ဆိုပြီးဆုံးမခဲ့တယ်။

အရွယ်ရောက်လာတော့ ဒီဃာဝုဇာတ်တော်ကို လေ့လာဖတ်ကြည့်တယ်။ထောင်ထဲမှာတုန်း
က တလျှောက်လုံးထားခဲ့တဲ့ ဒူးယားသူကြီးဦးအောင်ရင်အပေါ် အာဃာတစိတ်၊ ဂလဲ့စားစိတ်၊ အငြိုးစိတ်တွေဟာ ပြောင်းလဲသွားခဲ့ပါပြီး...သေတွင်းသေ၀ကို ပို့ ခဲ့တဲ့သူကြီး ဦးအောင်ရင် ကိုလဲ ကျေကျေနပ်နပ်ကြီး ခွင့်လွှတ်လိုက်ပါတယ်။ ကျနော်စိတ်ထဲမှာ တချိန်လုံး ပူလောင်နေတဲ့ စိတ်တွေဟာ အေးချမ်းသွားပါတယ်။

ထောင်ထဲမှာ အတော်ဆိုးဆိုးရွားရွား ထိခိုက်လာခဲ့တဲ့ကျန်းမာရေးကို မွေးရပ်မြေမှာ တနှစ်လောက် အနားယူကုသခဲ့ပြီးတဲ့နောက် ကျန်းမာရေးအတော်လေးပြန်ကောင်းလာပါတယ်။ရှေ့ ခရီးကို
ဆက်ရအုံးမယ်။ သမိုင်းကိုဖြတ်သန်းရအုံးမယ်။ ၁၉၇၄ ခုနှစ်မှာ လက်နက်ကိုင်တော်လှန်ရေးထဲ ကို ရောက်ရှိလာပါတယ်။ တော်လှန်ရေးထဲမှာ ထုသားပေသားရအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ပြုစု ပျိုးထောင်ရအုံးမယ်။
…....................

             ၁၉၇၆ ခုနှစ်၊ မေလ...မာနယ်ပလော၊ ကေအင်န်ယူဌာနချုပ်.....
တိုင်းရင်းသားတော်လှန်ရေးအင်အားစု အဖွဲ့ အစည်း(၁၃)ဖွဲ့ တက်ရောက်တဲ့၊ နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပခဲ့ပါတယ်။ ဒီနှီးနှောဖလှယ်ပွဲကနေတဆင့် မေလ(၁၀)ရက်နေ့ မှာ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(မဒတ)ကို ဖွဲ့ စည်းနိုင်ခဲ့ပါတယ်။ နှီးနှောဖလှယ်ပွဲမှာ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် ဒုဥက္ကဌကြီးနိုင်နွလာ(ကွယ်လွန်)၊ နိုင်ဟံသာ(ယခုလက်ရှိမွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး)၊ မွန်အမျိုးသားခေါင်းဆောင်ကြီးတွေကို ကျနော့်အဖြစ်အပျက်၊ ကျနော့်ခံစားချက်တွေကို ပြောပြခဲ့
ပါတယ်။
``ဒူးယားသူကြီးဦးအောင်ရင် မဆင်မခြင်လုပ်ခဲ့တဲ့အတွက် ကျနော်တို့  အန္တရာယ်တွေနဲ့ ကြုံခဲ့
ရပြီး အင်မတန်နစ်နာခဲ့ပါတယ်...ဒီအမှားတွေကိုပြန်ပြောပြပြီး သူကြီးဟာ သူ့ ရဲ့ အမှားကြွေးတွေ
ကို မွန်ပြည်သစ်ပါတီနဲ့ မွန်တော်လှန်ရေးကို ပိုပြီးအလုပ်အကျွေးပြုပါ..``

လူသည်..အမှားအယွင်းရှိတတ်ပါသည်။မှားမှန်းသိတဲ့အချိန်မှာ ဒီအမှားအပေါ် ဘယ်လိုသဘော
ထားသလဲ..၊ ဒီဟာသလျှင် အဓိကဖြစ်ပါသည်။လူသည် ပြုနိုင်ခဲ့သောအရာကို ပြုကျင့်ခြင်း
သည်သာလျှင် အမွန်မြတ်ဆုံးဖြစ်ပေသည်။

စကားချပ်................
ဒီဃာဝုမင်းသား၏ မယ်တော်နှင့်ခမည်းတော်အား ဖမ်းဆီးသတ်ဖြတ်ပြီး ထီးနန်းစည်းစိမ်နှင့် 
တိုင်းပြည်အား တိုက်ခိုက်သိမ်းပိုက်ခဲ့သော ရန်သူမင်းအား ဂလဲ့စားချေခွင့်ကြုံသော်လည်း ခွင့်လွှတ်သီးခံခဲ့သောကြောင့်၊ မယ်တော် ခမည်းတော်၏တိုင်းပြည်အား ၊ ပြန်လည်ရရှိခြင်း။ 
ရန်သူမင်းက တိုင်းပြည်နှင့်သမီးတော်ကိုပါ အပ်နှင်းခဲ့၍ တိုင်းကားနှစ်ပြည်ကို ရရှိတော်မူခဲ့သည်။

ရဲဘော်ရှောင်း
7/7/2003.

တတိယအကြိမ်မြောက် ထုတ်ဝေသည့် အားမာန်သစ် စာစောင်(ဘန်ကောက်) မှ ပြန်လည်ကူးယူဖေါ်ပြသည်။
karentimes.

No comments:

Post a Comment