Wednesday 14 September 2011

နယ်ချဲ့ နဲ့ ပဒေသရာဇ် ဘယ်ဒင်းကပိုဆိုးသလဲ




        ဆောင်းပါး - ဂ္ဂ

     ကဲ...ကဲ လိုရင်းတိုရှင်းဘဲလုပ်ရအောင်။ နယ်ချဲ့ စနစ်နဲ့ ပဒေသရာဇ်စနစ် ဘယ်ဒင်းကပိုဆိုးသလဲ ဆိုရာမှာ ကျုပ်တို့ နိုင်ငံသားတွေအဖို့ အဖြေနှစ်ခုထွက်ပါတယ်။ နိုင်ငံတွင်းမှာ နောက်ဆုံးပဒေသရာဇ်
စနစ် ထွန်းကားခဲ့တဲ့လူမျိုးစုကြီးအဖို့ မိမိတို့ ကို အပြုတ်ချလိုက်တဲ့နယ်ချဲ့ ဟာ အလွန်မုန်းစရာကောင်း
တဲ့ ရန်သူစစ်စစ်ဘဲပေါ့။ သူတို့ အနေနဲ့ တော့ နယ်ချဲ့ စနစ်ကို ပဒေသရာဇ်စနစ်ထက်ဆိုးတယ်လို့ 
သဘော ထားပါလိမ့်မယ်။ ဒါပေမဲ့ အခြားတဘက်မှာ ပဒေသရာဇ်ခေတ်တုံးက စစ်ရှုံးလို့ ပဒေသ ရာဇ်ကျေးကျွန်ဘ၀နဲ့ အာဏာမဲ့ခဲ့ရတဲ့ တခြားလူမျိုးစုအားလုံးအဖို့ တော့ မိမိကို တလျှောက်လုံးအနိုင်
ယူ ဓါးမိုး ကြီးစိုးခဲ့တဲ့လူမျိုးတမျိုးကို တခြားလူမျိုးတမျိုးက လာပြီးအနိုင်ယူခြင်းဟာ ၀မ်းနည်းစရာဟုတ်နိုင် ပါ့မလား။ 

         အဲဒါ ဆံဖြူအောင်စဉ်းစားမှ သိနိုင်တဲ့အဖြေမဟုတ်ပါဘူးနော်။ နောက်ပြီး တခုသိထားသင့်တာ
က ဒီအဖြစ် ဒီအခြေတွေနဲ့ ပါတ်သက်ပြီး ခံနေရတဲ့လူမျိုးစုတွေထဲက တချို့ ဟာ ဘာမှမခံစားရတဲ့ ဟန်ဆောင်ပြုနေကြတာရှိရင် ဒီအပြုအမူဟာ တကယ့်စိတ်ရင်းကလာတာလား၊ ကြောက်လို့ လား၊ သာပေါင်းညာစားစိတ်ဓါတ်ကြောင့်လား၊ ဒါမှမဟုတ် ဘာမှမသိတဲ့အရိုး၊ အ အ.တွေဖြစ်နေလို့ လားဆိုတာ သုံးသပ်ဖို့ လိုပါတယ်။ ဒါကတရားမျှတမှုကို ဖြစ်ပေါ်စေလိုတဲ့ စေတနာမှန်သူတွေအတွက်ပြောတာပါ။ မှန်ကန်တရားတဲ့လုပ်ရပ်တွေကို လုပ်နိုင်ဖို့ ဆိုတာက စေတနာမှန်ယုံနဲ့ မလုံလောက်ပါဘူး။ ရထား သိထားတဲ့အချက်အလက်တွေကလည်း အမှန်နဲ့ နီးစပ်ဦးမှဖြစ်မှာပါ။


     နယ်ချဲ့ ခေတ်အနှစ်တစ်ရာအတွင်းမှာ ဗမာပြည်ပဒေသရာဇ်စနစ် အမြစ်ပြုတ်သွားခဲ့တဲ့တချိန်ထဲမှာ
ဘဲ အခြားလူမျိုးစုတွေအားလုံးကို ဗမာနဲ့ တန်းတူအဖြစ် နယ်ချဲ့ တွေက သတ်မှတ်ခဲ့တယ်။ ဒါကလဲ လူမျိုးခြားတွေကို အုပ်ချုပ်ရာမှာ မိမိဘက်ပါသူရှိနေအောင် လုပ်တဲ့ နိုင်ငံရေးကလိမ်ဥာဏ် လုပ်ထုံး လုပ်နည်းတွေပါ။ မေတ္တာစေတနာသက်သက်နဲ့ လုပ်ပေးတာလို့ ဘယ်တိုင်းရင်းသားကမှ သဘောမထား ပါဘူး။ ဘာဘဲဖြစ်ဖြစ်ပေါ့ ဒီနယ်ချဲ့ ခေတ်မှာမှ မိမိရဲ့ သွေးချင်းဆိုတဲ့ပဒေသရာဇ်တွေက ပေးဖို့ လုံးဝစေ တနာမထားခဲ့တဲ့ မိမိဆိုင်ရာလူမျိုးစုအားလုံးရဲ့  စကား၊စာပေတွေ ဖေါ်ထုတ်အားပေးခြင်းခံရတယ်။ 


   ကချင်ဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ ဘယ်လူမျိုးဖြစ်ဖြစ် ခေတ်မှီကျောင်းတွေ တရားဝင်ဖွင့်လှစ်ခွင့်ရကြတယ်။
ငွေမလုံလောက်ရင် အစိုးရဆီဖြစ်ဖြစ်၊ နိုင်ငံတကါဘာသာရေးအဖွဲ့ အစည်းကိုဖြစ်ဖြစ်၊ တင်တောင်းလို့  ရတာတွေလဲရှိတယ်။ တချို့ ဆိုရင် ခုချိန်ထိ အစိုးရက မပယ်ဖျက်ရဲတဲ့ အမျိုးသားအလံတရားဝင်ထူခွင့်၊ အမျိုးသားသီချင်းဆိုခွင့်တောင် ရခဲ့ကြတယ်။ ဒါတွေဟာ နယ်ချဲ့ အုပ်စိုးမှုကြောင့် ရခဲ့တဲ့တိုင်းရင်းသား တို့ ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးအမြတ်တွေမဟုတ်ဘူးလို့ မျက်စိစုံမိတ်ပြီး ငြင်းလို့ ရမလား။ ပဒေသရာဇ်ခေတ်တုံးကတော့ ဒါတွေလုပ်ရင်ခေါင်းဖြတ်ပြီး ရွာလည်မှာချိတ်ပြခံရဖို့ ပါဘဲ။ ဒီတော့ ဒီလူမျိုးစုတွေအဖို့  နယ်ချဲ့ နဲ့ ပဒေသရာဇ် ဘယ်ဒင်းကပိုဆိုးတယ်ဆိုတာကို ဘယ်နိုင်ငံရေးသင်တန်းမှ မတက်ဘူးဘဲနဲ့ လည်း ကောင်းကောင်းသိနိုင်ကြမှာဘဲပေါ့။ ဟုတ်တယ်မဟုတ်လား။


                        ဒီမှာ ကျုပ်တို့ ဝဲယါနိုင်ငံရေးသမားတွေ၊ စာပေသမားတွေကစပြီး ဆင်ခြင်ကြဖို့ က နယ်ချဲ့ လုပ်ရပ်နဲ့ ပါတ်သက်ပြီး တိုင်းရင်းသားတွေ ဘာမှနားမလည်ကြသယောင် ပြောဆိုရေးသားနေ ကြမှုပါဘဲ။ သူသိမှန်းမသိရင် ကိုယ်ကသါ တကယ်မသိတဲ့လူဖြစ်နေမှာပေါ့။နောက်တခု ကြားဖြတ်ပြော
ထားချင်တာက ဗမာပဒေသရာဇ်တွေဆိုးဝါးတယ်ဆိုတဲ့အချက်ဘဲ။ ဒါဟာ ကျုပ်တို့ နိုင်ငံမှာ တကယ်ဖြစ် ပျက်ခဲ့တဲ့အကြောင်းတွေကို ယူပြီးပြောရတာပါ။ ဗမာလူမျိုးတွေက တခြားလူမျိုးတွေထက် ထူးထူးကဲကဲ
ပိုပြီး ဆိုးဝါးတယ်လို့ ပြောနေတာမဟုတ်ဘူး။ တကယ်လို့ ပဒေသရာဇ်ခေတ်တုန်းက စစ်နိုင်ခဲ့တဲ့လူမျိုး
ဟာ ကရင်ဖြစ်နေရင်ရော၊ ရှမ်းဖြစ်နေရင်ကော၊ မွန်၊ရခိုင် စတဲ့တခြားလူမျိုးတစုစု ဖြစ်နေရင်ကော၊ တခြားလူမျိုးစုတွေအပေါ် ဗမာပဒေသရာဇ်တွေဆိုးတာထက်မနည်း ဆိုးကြမှာပါဘဲ။ 


              ဘာဖြစ်လို့ လဲဆိုတော့ ဒီမိုကရေစီတွေ၊ လူ့ အခွင့်အရေးတွေကို ဘာမှနားမလည်သေးတဲ့ 
အဲဒီခေတ်က တကမ္ဘာလုံးမှာရှိတဲ့ အုပ်စိုးသူဆွေမျိုးစုတိုင်းဟာ ပြည်သူတွေကို ကျွန်လို့ သတ်မှတ်ပြီး အနိုင်ကျင့်အုပ်စိုးလာကြတာချည်းပါဘဲ။ပဒေသရာဇ်ခေတ်တလျှောက်လုံးမှာ ဗမာဘုရင်က ဗမာပြည်
သူအချင်းချင်းကိုလည်း ကျွန်လို့ ဘဲသတ်မှတ်တာပါဘဲ။ ပဒေသရာဇ်ဆွေမျိုးတွေ အမျိုးပြုတ်သွား ပြီးနောက်ပိုင်းမှာ သာမန်ပြည်သူတွေလက်ထဲ အာဏာရောက်လာတဲ့အခါကျမှ တိုင်းတွေ၊နိုင်ငံတွေကို ပဒေသရာဇ်ဆွေမျိုးတစုပိုင်တဲ့ခေတ်ကနေ အမျိုးတူလူမျိုးတစုလုံး ပိုင်တဲ့ခေတ်အဖြစ် ပြောင်းလာ တာဖြစ်တယ်။ အဲဒီခေတ်အခြေအနေအောက်မှာမှ အုပ်စိုးသူလူမျိုးနဲ့ အုပ်စိုးခံလူမျိုးရယ်လို့  ပိုင်းခြားနိုင် တာတွေဖြစ်ပေါ်လာတယ်။ ဘာဖြစ်လို့ ဒီလိုပိုင်းခြားနိုင်တာလဲဆိုတော့ ဗမာလူမျိုးစုနဲ့ တခြားတိုင်းရင်းသား လူမျိုးစုတွေမှာ မတူတဲ့ လူမျိုးသက်သက်ဆိုင်ရာ အခြေအနေတွေဖြစ်ပေါ်နေလို့ ပါဘဲ။


   လူမျိုးရေးသက်သက်ဆိုင်ရာဆိုတဲ့ ဝေါဟာရကို ရှင်းပြချင်ပါတယ်။ဒီဝေါဟာရက အခုဆောင်းပါးမှာမှ စပြီးတွေ့ ရတဲ့ နိုင်ငံရေးဝေါဟာရ အသစ်စက်စက်မို့ ပါ။ ဗမာပြည်မှာ စားဝတ်နေရေး၊ စီးပွားရေးဆိုင်ရာ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တွေကိုကြည့်ရင် ဗမာလူမျိုးစစ်စစ် တဦးစီတွေနဲ့ အခြားလူမျိုးတဦးစီတွေကြားမှာ ခွဲခြားမျက်နှာလိုက်တဲ့ ဥပဒေတွေချမှတ်ထားတာမရှိပါဘူး။ ဆင်းရဲ၊ချမ်းသာဆိုတဲ့ ဘ၀အခြေအနေတွေ
ဟာ လူမျိုးအလိုက်ဖြစ်နေတာမဟုတ်ဘဲ လူတဦးစီရဲ့  ဘ၀အခြေအနေအပေါ် တည်နေပါတယ်။ မြို့ ပြကြီးပေါ် မှာ မွေးဖွားကြီးပြင်းလာတဲ့ ဘွဲ့ ရက၇င်တယောက်ဟာ အလုပ်ကြီးအကိုင်ကြီးလုပ်ရပြီး ကြီးပွါးနေမယ်။ ဒါမှမဟုတ်လည်း အစိုးရအရာရှိကြီးတဦးအဖြစ် ထည်ဝါနေမယ်။ အညာဒေသကဆင်း
လာတဲ့ ဗမာဆင်းရဲ သားတယောက်ဟာ မြို့ ပေါ်မှာ ကျောက်သယ်၊ လမ်းခင်းအလုပ်ကြမ်းကို ပင်ပင် ပန်းပန်းလုပ်ရသလောက် ထမင်းနပ်မှန်အောင် မစားရတဲ့ဘ၀ရောက်နေမယ်။ ဗမာဖြစ်တယ်ဆိုယုံနဲ့  သခင်စတိုင်ဖမ်းခွင့် ရှိနိုင်မှာ မဟုတ်ဘူး။


      ဆိုလိုတာက ဒီလိုကိစ္စမျိုးတွေမှာ ဗမာနဲ့ အခြားလူမျိုးတွေအကြား သတ်မှတ်ခွဲခြားထားတဲ့နည်းတွေ၊ စနစ်တွေ၊ လုပ်ထုံးတွေမရှိဘူး။ ဒါပေမဲ့....ဒါပမဲ့ပေါ့...ဘာသာ၊ စာပေ၊ယဉ်ကျေးမှုအပိုင်းမှာကျတော့၊ လုံးဝ ရှင်းရှင်းဘွင်းဘွင်ကြီးကို၊ ခွဲခြားဖိနှိပ်ထားမှုတွေ တရားဝင်လုပ်နေတယ်။ အဲဒါ လူမျိုးရေးဆိုင်ရာသက် သက်လို့ ခေါ်တယ်။


     တိုင်းရင်းသားစာပေတွေဟာ ကျောင်းမှာရော ရုံးလုပ်ငန်းမှာပါ ဘယ်နေရာမှာမှ တရားမ၀င်ပါဘူး။ တိုင်းရင်းသားအားလုံးဟာ မိမိရဲ့ စာပေကို ဗမာစာနဲ့ ၊ တန်းတူတဲ့နည်းတွေနဲ့  ဆည်းပူးခွင့်မရဘူး။ တိုင်းရင်းသားတွေအားလုံးဟာ မိမိစာပေကို တိမ်ကောပပျောက်စေတဲ့ အခုလိုပြောင်ဖိနှိပ်မှုတွေကို သင့်မြတ်တဲ့လုပ်ရပ်အဖြစ် လက်ခံထားကြရတယ်။ တခြားတဘက်မှာ ဗမာလူမျိုး ပြည်သူအများစုကြီး ကိုယ်တိုင်ကလည်း တိုင်းရင်းသားတွေအပေါ် အစိုးရက ဒီလိုလုပ်တာကို ဖိနှိပ်တာလို့ မတွေးမိဘူး။ ဆိုးတယ်လို့ လဲမထင် ဖြစ်နေကြတယ်။ နားလည်ဖို့ ကိုယ်ချင်းစာဖို့ မကြိုးစားဘူး။ 

လူထုမှာ ပြည်ထောင်စု စိတ်ဓါတ်ကောင်းကောင်းမ၀င်သေးဘူး။ ပြည်ထောင်စုညီနောင်တွေအပေါ်၊ အသိအမှတ်ပြုပေးရမဲ့အခွင့် အရေးတွေကိုလဲ အလေးအနက်မရှိသေးဘူး။ ပဒေသရာဇ်ဆန်ဆန် မျိုးချစ်စိတ်ဓါတ်တွေက အနိုင်ယူကြီး စိုးနေဆဲဘဲ။ ဒီလိုဖြစ်ရတာကလဲ လွတ်လပ်ရေးရပြီးကတည်းက ပဒေသရာဇ်အနွယ်ဝင် စိတ်မကုန်ခမ်းသေး တဲ့ အုပ်ဆိုးသူအဆက်ဆက်ဟာ ဗမာလူမျိုးကို မိမိတို့ ရဲ့ အခြေခံလူထုအဖြစ် သတ်မှတ်ပုံသွင်းအသုံးချခဲ့ လို့ ပါဘဲ။ အင်္ဂလိပ်ခေတ်က ကရင်၊ကချင် စတဲ့လူမျိုးစုတွေကို အင်္ဂလိပ်အစိုးရက ပုံသွင်းအသုံးချ မြောက်စား တဲ့နည်းနဲ့ သိပ်မခြားပါဘူး။


                   ဒီတော့ အင်္ဂလိပ်ကိုတော်လှန်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လူထုရဲ့ မျိုးချစ်စိတ်ဆိုတာက
နှစ်ပိုင်းဖြစ်နေတာတွေ့ ရတယ်။ တမျိုးက ပဒေသရာဇ်စိတ်ဓါတ် ပြန်လည်ခေါင်းထောင်လာခြင်းနဲ့ တူတဲ့၊ ပဒေသရာဇ်အမွေစားအမွေခံ၊ လူမျိုးခြားဆန့် ကျင်ရေး မျိုးချစ်စိတ်ဓါတ်ဖြစ်ပြီး၊ နောက်တမျိုးက လက်ဝဲ
ဆန် တဲ့အရင်ရှင် နယ်ချဲ့ ဆန့် ကျင်ရေး၊မျိုးချစ်စိတ်ဖြစ်တယ်။ အဲဒီအချိန်က လက်ဝဲနိုင်ငံရေးအင်အား စုတွေဟာ၊ လူထုကို အရင်းရှင်နယ်ချဲ့ဆန့် ကျင်ရေး မျိုးချစ်စိတ်ဓါတ်နဲ့ ရှေ့ ဆောင်ခဲ့တာဖြစ်ပေမဲ့၊
ပြည်သူအများစုက ကိုယ်ကျိုးစွန့် ရဲရင့်တဲ့ လက်ဝဲအင်သားစုတွေရဲ့ ဦးဆောင်မှုကို၊ ခံယူခဲ့ပေမဲ့ လူမျိုးခြားနယ်ချဲ့ ကို တိုက် ထုတ်ရေးဆိုတဲ့ လူမျိုးရေးစိတ်ဓါတ်ကသါ အဓိကတွန်းအားဖြစ်ခဲ့တာပါ။ ဗမာပြည်ထဲမဟုတ်ပါဘူး ၊ နယ်ချဲ့  ကိုတော်လှန်အောင်မြင်ခဲ့တဲ့နိုင်ငံတိုင်းက လူထုတွေရဲ့  အဲဒီအချိန်
က နားလည်သဘောပေါက်မှုတွေဟာ၊ ဆင်တူပါဘဲ။


    ဦးဆောင်နိုင်ငံရေးအဖွဲ့ အစည်းတွေရဲ့  ခံယူချက်နဲ့ အယူအဆတွေဟာ အဆင့်မြင့်နိုင်ငံရေးပညာရပ် ကျမ်းဂန်ကြီးတွေလိုဖြစ်နေတာမို့  သာမန်ပြည်သူတွေ ဂဃနဏ ကွဲအောင် နားလည်ခဲ့တယ်လို့ ယူဆရင် မမှန်နိုင်ပါဘူး။ ဟိုခေတ်ကိုမပြောနဲ့ ခုခေတ်အထိလဲ နိုင်ငံရေးကို သေသေချာချာ သင်ကြားရဘူးခြင်းမရှိ
ဘဲ နဲ့  လွယ်လွယ်နားလည်နိုင်တဲ့ အသေးစားပညာရပ်လေးတခု ဖြစ်မနေသေးပါဘူး။ ခေတ်ပညာတတ် 
ဘွဲ့  ရဖြစ်သည့်တိုင် အများစုဟာ နိုင်ငံရေးအယူအဆတွေကို ရှင်းရှင်းလင်းလင်းကြီး နားလည်နေကြတာ
မဟုတ်ပါဘူး။ ဟိုကိစ္စမှာဘွဲ့ ရတာနဲ့  ဒီကိစ္စကိုလည်း နားလည်တယ်လို့ အထင်တလုံးတွေ ဖြစ်နေကြတာ
ပါ။ ဒါမှမဟုတ် အတွေ့ အကြုံမပြည့်စုံတဲ့ ဘေးလူတွေက ၀ိုင်းထင်နေကြတာပါ။


    ကျုပ်တို့ အားလုံးမှာ တဘက်နဲ့ တဘက် ထူးထူးခြားခြား ကွဲပြားတယ်လို့  ကိုယ့်ကိုထင်နေကြပေမဲ့၊ တနိုင်ငံတည်းက နိုင်ငံသားတွေဖြစ်နေတာဆိုတာ ကျုပ်တို့ ရဲ့ စဉ်းစားတွေးခေါ်နည်းတွေဟာ အလွန်
အရေး ကြီးတဲ့ ကိစ္စတော်တော်များများမှာ တဘက်နဲ့ တဘက် ပြတ်ပြတ်သားသား ကွဲပြားမှုမရှိပါဘူး။ အထူးသဖြင့် လူမျိုးစုဆိုင်ရာ ပြသနာကိုဘဲကြည့်ပေါ့။ လက်ယာဓနရှင်ဝါဒီတွေနဲ့ လက်ဝဲလူတန်းစား
နိုင်ငံရေးသမားတွေဟာ ဒီလောက်ထင်ထင်ရှားရှားဖြစ်နေတဲ့ လူမျိုးစုပြသနာကို စားဝတ်နေရးဆိုင် ရာစားခွက်လုပြသနာတိုက်ပွဲတွေရဲ့  အကျိုးဆက်မျှဖြစ်တယ်လို့ ၊ မြင်တဲ့အတွက် တိုက်ရိုက်ဖြေရှင်းဖို့  ရည်ရွယ်ချက်မထားကြဘူး။ ဒါဟာ အစွန်းနှစ်ဘက်ရဲ့ ဆုံချက်ဘဲပေါ့။တချို့ နိုင်ငံရေးအုပ်စုတွေဟာ မိမိကိုယ်မိမိ ဒီမိုကရက်တစ်လို့ ထင်နေကြတဲ့ ပဒေသရာဇ်အမွေစား အမွေခံစိတ်ဓါတ်ကို မစွန့် နိုင်သူ ပဒေသရာဇ်မျိုးချစ်မျှသာ ဖြစ်နေကြတဲ့နည်းတူ မိမိကိုယ်မိမိ၊ ပစ္စည်းမဲ့ကွန်မြူနစ်လို့  ခံယူနေကြသူများ ဟာလည်း တကယ်တော့ သူတို့ က အမျိုးသားရေးလို့  အမည်ပေးထားတဲ့ လူမျိုးရေးစိတ်ဓါတ် ဂွင်ထဲမှာ
ဘဲ ပိတ်မိနေသေးတဲ့ ပဒေသရာဇ်မျိုးချစ်တွေ ဖြစ်နေကြတာပါဘဲ။


          ယခင်က နယ်ချဲ့ ဖြစ်ခဲ့ဘူးတဲ့နိုင်ငံက ပြည်သူလူထုတွေဟာ ခုအခါမှာ နယ်နိမိတ်မဲ့နိုင်ငံတကါစိတ်
ဓါတ်တွေ၊ တဖွားဖွားကြီးထွားနေချိန်မှာ ကျုပ်တို့ ဆီမှာတော့ အမျိုးသားရေးစိတ်ဓါတ်ထက် ပိုပြီးတိုးတက်
တဲ့ ခံစားချက်တွေ မြေတောင်အမြောက်မခံရသေးပါဘူး။ လက်ဝဲရော လက်ယာနှစ်ဘက်လုံးက ပုဂ္ဂိုလ် များထဲက တိုးတက်လှပြီဆိုသူများတောင်မှ တကယ်ဆန်းစစ်လိုက်ရင် ပဒေသရာဇ်မျိုးချစ်တွေမျှ သာ လျှင် ဖြစ်နေကြပါသေးတယ်။


    အဆိုးဆုံးကတော့ ဟန်မဆောင်တတ်တဲ့ အာဏာလက်ရှိစစ်အစိုးရက ပြသနာကို ဖြေရှင်းရမဲ့အစား ပဒေသရာဇ်ခေတ်ကလို စစ်ရေးနည်းနဲ့ ချေမှုန်းရင်း သံကြိုးကွင်းဆက်ပြသနာတွေကို ဖန်တီးနေ ကြခြင်းပါဘဲ။ တိုင်းရင်းသားတွေကြောက်ပြီး ဦးကျိုးကုန်ရင် ဒါမှမဟုတ် သွေးနှောကုန်ရင် ဗမာပြည်ပြသနာ လည်း အိုကေသွားမှာဘဲလို့  ထင်ကြတယ်။


ပဒေသရာဇ်ခေတ်က တိုင်းရင်းသားတွေကိုအနိုင်ကျင့်ခဲ့တဲ့ ဘုရင်တွေဘာတွေကိုလည်း ခုထိချီးမြောက်
ကိုးကွယ်ထားကြတယ်။ ဒါဟာ မိမိရော မိမိရဲ့ အအုပ်ချုပ်ခံလူထုကိုရော ပဒေသရာဇ်မျိုးချစ်စိတ် ဓါတ် ပြန်လည်လွှမ်းမိုးစေဖို့ ဒါမှမဟုတ် ဆက်လက်လွှမ်းမိုးစေဖို့  အတိအလင်းလုပ်နေခြင်းဘဲ။ တဘက်မှာလည်း တခြားလူမျိုးအားလုံးကို အငယ်အနှောင်းစိတ်ဓါတ် မ၀င် ၀င်အောင်လုပ်နေတာပါဘဲ။ အစိုးရက မိမိအာဏာတည်ဆောက်ရေးမှာ မိမိရဲ့ အခြေခံလူမျိုးစုအဖြစ်၊ အသုံးချခံထားတဲ့ ဗမာတိုင်း ရင်းသားများဟာ တခြားတိုင်းရင်းသားအားလုံးရဲ့  မလိုမုန်းတီးမှုကို အခံရဆုံးဖြစ်နေရတယ်။ ဗမာတွေ
ဟာ နယ်ချဲ့ လက်အောက်ကျရောက်ခဲ့တုန်းက အနောက်တိုင်းသားအားလုံးကို မနှစ်မြို့ ကြသလို အခြား တိုင်းရင်းသားတွေဟာလည်း ပေါ်လစီကိုင်သူတွေနဲ့ အားဏာပိုင်သူအားလုံး ဗမာသာဖြစ်တဲ့ဒီနေ့  အစိုးရအဖွဲ့ ကိုအခြေခံပြီး၊ ဗမာမှန်သမျှကို မနှစ်မြို့ စိတ်တွေ ပွင့်ပွင့်လင်းလင်းမဟုတ်ရင်တောင် အုံ့  ပုန်းတော့ခံစားနေကြရမှာပါ။ 

    တကယ်တော့ ဗမာရောတခြားတိုင်းရင်းသားအားလုံးမှာ လွှမ်းမိုးနေတာက တရားမျှတမှုဆိုတာထက် မိမိဆိုင်ရာလူမျိုးကိုသာ မဏ္ဍိုင်ထားတဲ့ ပဒေသရာဇ်စိတ်မျှသာဖြစ်နေလို့  ဒီကိစ္စအတွက် ထွက်ပေါက် မရှိဖြစ်နေတာပါ။မြန်မာပြည်တွင်းလူမျိုးရေးပြသနာဟာ ပဒေသရာဇ်ခေတ်ကစပြီး အပြင်းအထန်ဖြစ်ပွား
ခဲ့တာပါ။ အုပ်စိုးသူတို့ ရဲ့ နိုင်ငံရေးကစားကွက်တခုအဖြစ် ကြိုက်သလိုဖန်တီးထားတဲ့သမိုင်းကို သံယောင် လိုက်ပြီး တွေးတဲ့အတွေးအခေါ်၊ ကျေးကျွန်တွေက ပဲ့တင်ထပ်သလို၊ နယ်ချဲ့ ခေတ်ရောက်မှ ဖြစ်လာတာ လုံးဝမဟုတ်ပါဘူး။ တကယ်တော့ နယ်ချဲ့ ခေတ်က ဗမာပြည်တွင်းတိုင်းရင်းသားအားလုံးအကြား တန်းတူ မှုအရှိဆုံးခေတ်ဆိုတာ သမိုင်းကို ဒိုးယိုပေါက် ဖေါက်ထွင်းသုံးသပ်နိုင်သူတိုင်းက လက်ခံမှာပါ။ 


   ဒီလိုပြောလိုက်ခြင်းဟာ အကြောင်းမှန်ကို ဖေါ်ထုတ်ခြင်းသာဖြစ်ပါတယ်။ စာရေးသူကိုယ်၌ကတော့ 
နယ်ချဲ့ ဖြစ်စေ၊ ပဒေသရာဇ်ဖြစ်စေ အသံကောင်းဟစ်နေတဲ့ဘာစနစ်ဘဲဖြစ်ဖြစ်၊ လူလူချင်း ရက်ရက်စက်
စက် အနိုင်ကျင့်တဲ့စနစ်မှန်သမျှကို ပိုမုန်းပါတယ်။


           ဒီတော့ မြန်မာပြည်မှာ စစ်အစိုးရကရော လက်ဝဲ၀ါဒီကပါ အချိန်မဟုတ်အခါမဟုတ် စည်းချက်
ညီညီအော်နေကြတဲ့ နယ်ချဲ့ ဆန့် ကျင်ရေးဟစ်စံတွေဟာ မြန်မာပြည်အတွက် ပဒေသရာဇ်မျိုးချစ်စိတ်
ကို အမြစ်မပြတ်သွားအောင် နိုးဆွဖို့ ကလွှဲပြီး တခြားဘာမှအသုံးမ၀င်ပါဘူး။ စစ်အစိုးရက မိမိအာဏာ
ကိုင်ထားမှုကို သင်မြတ်ကြောင်း၊ လိုလားအပ်ကြောင်း၊ အကြောင်းပြနိုင်ဖို့ နယ်ချဲ့ စနစ်ချီးခြောက်ကို
ရေနူးနေတာဖြစ်ပေမဲ့ လက်ဝဲ၀ါဒီများကတော့ မိမိတို့ က မိတ်ဆွေအဖြစ် တဘက်သတ်ခံယူထားပုံရတဲ့ တရုတ်ပြည်လုံခြုံရေးအတွက် ၀ိုင်းလုပ်ပေးနေတာ ဖြစ်ပုံရပါတယ်။

       ဆင်ကြီးတကောင်ကို ကါကွယ်ရမှာက မိမိရဲ့ လူတန်းစားရေးတာဝန်လို့ ပုရွက်ဆိတ်လေးတွေက သဘောပေါက်ထားကြပုံပါဘဲ။ ပြည်တွင်းကလူထုအနေနဲ့  မျက်ဝါးထင်ထင်မြင်ရတာက တရုတ်ဟာ
မြန်မာပြည်သူတွေကို ရက်စက်ရိုင်းစိုင်းစွာ ဓါးမိုးအုပ်ချုပ်နေတဲ့ စစ်အစိုးရရဲ့ အားကိုးအားထားပြုရာ တဦးတည်းသော အခင်မင်ဆုံး မိတ်ဆွေနိုင်ငံဖြစ်နေခြင်းပါဘဲ။ တရုတ်ကတော့ မြန်မာပြည်ကို စီးပွားရေး အကျိုးအမြတ်နဲ့  မဟာဗျူဟာခြံစည်းရိုးနိုင်ငံအဖြစ် လုပ်ထားဖို့ အတွက်သာဖြစ်ပါတယ်။ ရှေးရှေးက တရုတ်အစိုးရလို မြန်မာပြည်ကလူတန်းစားတိုက်ပွဲကို အထောက်အကူပြုဖို့ ဆိုတဲ့စေတနာ လုံးဝမတွေ့  ပါဘူး။ 

 
   ဒီတော့ ပြည်သူတွေဟာ စစ်အစိုးရကို တရုတ်အစိုးရကိုလဲ မုန်းမှာပါဘဲ။ တရုတ်အစိုးရကိုမုန်းတဲ့အ
တွက် တရုတ်ရှေ့ နေကိုလုပ်နေတဲ့ မြန်မာပြည်ကလူတန်းစားရေး ပါတီကိုလည်း ကြည်ကြမှာမဟုတ်ဘူး ဆိုတာ သဘောပေါက်ပြီး ဆင်ခြင်ပြုပြင်နိုင်ပါတယ်။ ဒီခေတ်ပြည်သူတွေဟာ နိုင်ငံရေးအယူဝါဒတခုကို နတ်တွေသိကြားတွေကိုယုံသလို မျက်စိစုံမိတ်ပြီး ယုံလေ့ရှိတဲ့ခေတ် မဟုတ်တော့ပါဘူး။


     ဒီနေ့ အရင်းရှင်စနစ်ကိုရော၊ ပစ္စည်းမဲ့ဝါဒကိုပါ လျှာနှစ်ခွလုပ်သုံးနေတဲ့တရုတ်နိုင်ငံဟာ မိမိနိုင်ငံကို ကါကွယ်ဖို့  အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ပဒေသရာဇ်မျိုးချစ်စိတ်ဓါတ်ကို ပြန်လည်ခေါင်းထောင်လာ
အောင် တဖက်လှည့်အားပေးခြင်းဖြင့် နယ်ချဲ့ ဆန့် ကျင်ရေးအရေးတော်ပုံကြီးကို ယာယီအားဖြင့် ထိန်း သိမ်းနိုင်မယ်လို့  ယူဆနေပုံရပါတယ်။ 

                                                   ဒီပေါ်လစီကြောင့်ဘဲ မြန်မာစစ်အစိုးရကို စစ်ပဒေသရာဇ်ကြီးတွေ
အဖြစ်က ကျဆုံးသွားစေမဲ့ နိုင်ငံတကါဖိအားမှန်သမျှကို မြန်မာပြည်သူတွေကို ထောက်ထားခြင်းမရှိတဲ့ အကြောင်းပြချက်အမျိုးမျိုးပေးပြီး ကန့် လန့် လုပ်နေတာဖြစ်မှာပေါ့။ ဒီတော့ ဒီနေ့ အဖို့  ပဒေသရာဇ်နဲ့  နယ်ချဲ့ ၊ ဘယ်သူပိုဆိုးသလဲဆိုတာကို သိမြင်ဖို့ က တိုင်းရင်းသားပြည်သူအားလုံးရဲ့ ၊ မိမိဆိုင်ရာအကျိုးစီး
ပွါးအတွက် သဘောပေါက်မှုနဲ့  တွက်ချက်တတ်မှုအပေါ်မှာဘဲ မူတည်နေပါတော့တယ်။

ဂ္ဂ

ပဉ္စမအကြိမ်မြောက် အားမာန်သစ်မဂ္ဂဇင်း(ဘန်ကောက်မြို့ အခြေစိုက်)
မှ ပြန်လည်ကူးယူဖေါ်ပြပါသည်။
Karentimes. 14-09-2011.



No comments:

Post a Comment