Saturday 13 October 2012
                ကရင်ရွှေပြည် မျှော်လေတိုင်းဝေး….
                          မဖြစ်စေလို
မန်းဒဲ့ဒိုး- Karentimes
``မင်းတို့ ကရင်ငပွေးတွေ ငါတို့ စစ်တပ်က နည်းနည်းလေးတီးပေးရမှ ညီညွတ်တတ်ကြတယ် …ငါတို့ က မင်းတို့ တွေကို နည်းနည်းလေးအခွင့်အရေးတွေပေးလိုက်ရင် အချင်းချင်း ဆော်ကြတော့ တာဘဲ...ဒါတောင် မင်းတို့ ကိုယ်မင်းတို့ ..ရွှေကရင် အရေးကြီးရင်သွေးနီးတယ်ဟေ့..လာမပြောင်နဲ့ .. လို့  တလွဲဆံပင်ကောင်း ကြွေးကြော်တတ်ကြသေးတယ်မဟုတ်လား``
                               ကြာခဲ့ပြီး ဒီစကားကို ကြားခဲ့တာ…ဆယ်စုနှစ်တခုလောက်ရှိပြီ...အဲဒီတုန်းက ကျနော်တို့ ရွာထိပ်မှာရှိတဲ့ ဗမာစစ်တပ်စခန်းမှာ ကျနော်တို့ ရွာသားတွေတစု စခန်းပြင်ဆင်ပေး ဖို့ လုပ်အားပေးသွားလုပ်ရင်းနဲ့  စခန်းမှာထိုင်တဲ့ စစ်သားတယောက်က တစုံတယောက်ကို စကားပြောစက်နဲ့  ပြောထည့်လိုက်တဲ့စကားပါ။ ဒီစကားကို နားထဲမှာ စကြားကြားချင်း ရင်ထဲမှာ ကသိကအောက်ဖြစ်မိတာအမှန်ပါဘဲ...ရင်ထဲမှာလဲ ဒေါသတွေထွက်မိတယ်။
…………………….
တိုက်ဆိုင်မှုရှိရင် သတိရတတ်တယ်လို့ ဆိုရိုးစကားတခုရှိတယ်။ တချိန်တခါက ကိုယ်ကြားခဲ့ရတဲ့ စကားဟာ ကိုယ့်အတွက်ကသိကအောင့်ဖြစ်ခဲ့ပေမဲ့ အကြောင်းသင့်လို့ တိုက်ဆိုင်မှုတွေရှိလာရင် အဲဒီစကားကိုပြန်ကြားယောင်လာတာနဲ့ အမျှ ပြန်လည်သုံးသပ်မိလာတယ်။ ယနေ့ ဖြစ်ပေါ်လာတဲ့ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ အနေအထားအရ ပိုလို့ ပိုလို့  ပြန်လည်သုံးသပ်မိလာတယ်… ရှုထောင့်အဘက်ဘက်ကနေပေါ့...
…………………………….
   အဖြစ်အပျက်တွေက ဆက်တိုက်ဆိုသလိုဘဲ DKBAအဖွဲ့ မှ နိုင်ငံရေးဦးစီးဆောင်ရွက်ဖို့  KKO ကိုဖွဲ့ စည်းတင်မြှောက်တာ လသားအရွယ်ဘဲရှိသေးတယ်.. ဥက္ကဌနဲ့ အတွင်းရေးမှူးတွေ ရာထူးကနေ ယာယီရပ်ဆိုင်းခံလိုက်ရတယ်။ ရက်တွေသိပ်မခြားဘဲ ကရင့်အမျိုးသားအစည်းအရုံး KNU နဲ့  KNLA တို့ ကွဲတဲ့သတင်းတွေလည်း ကျော်မကောင်းကြားမကောင်း ၀မ်းနည်းဖွယ်ရာ ထပ်မံကြားသိရပြန်   တယ်။ နောက်တဆင့် ကရင့်အမျိုးသားအစည်းအရုံးမှာ အဖွဲ့ အစည်းရဲ့ စည်းကမ်း ဘောင်၊ လုပ်ဆောင် ချက်တွေ နဲ့ မကိုက်ညီတဲ့ ခေါင်းဆောင်တချို့ ကို တာဝန်ကနေ ရပ်စဲတဲ့သတင်းတွေပါ ထပ်ဆင့်ကြား သိရပြန်တယ်။ ဒီဖြစ်စဉ်တွေဟာ ကျနော်တခါတုန်းကကြားခဲ့ဘူးတဲ့စကားအတိုင်း ``နည်းနည်းလေး အခွင့်အရေးတွေပေးလိုက်ရင် အချင်းချင်း ဆော်ကြတော့တာဘဲ``ဆိုတဲ့စကားနဲ့ ကိုက်ညီနေ
မလားဘဲ။
ဗမာစစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့နေ့ ကစင်္ပြီး ဗမာစစ်ခွေးတွေကို ဗိုလ်မှူးစောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး)ဦးဆောင်တဲ့ ဒီကေဘီအေ တပ်ဖွဲ့ က ပြန်လည်တိုက်ခိုက်ခဲ့တယ်။ ငှင်းနောက်မှာ ယခင် ဒီကေဘီအေဌာနချုပ်ဟောင်း မြိုင်ကြီးငူမှာ ဒီကေဘီအေကနေ နယ်ခြားစောင့်တပ်ကို ပြောင်း သွားတဲ့တပ်ဖွဲ့ တွေ ဗိုလ်မှူးစောဘိဦးဆောင်ပြီး အာဏာသိမ်းမှုတွေဖြစ်ပွါးတယ်။ အဲဒီအချိန်မှာ ကရင်လက်နက်ကိုင်အင်အားစုတွေ တစုတစည်းတည်း ပြန်လည်ပေါင်းစည်းကြတော့မယ့် လက္ခဏာတွေ မြင်နေရပြီး ကရင်တမျိုးသားလုံး ၀မ်းသာပီတိတွေ ဖြစ်ခဲ့ရပါတယ်။ 
……………………….
    ဗမာစစ်ခွေးတွေက ဗိုလ်မှူးစေားလားပွယ်ကို ညက်ညက်ချေချင်တာကြာလှပြီး။ မတတ်သာလို့ သာပါ။2010 ရွေးကောက်ပွဲတုန်းက စခဲ့တဲ့တိုက်ပွဲလည်း ဗမာစစ်ခွေးအစိုးရဘက်က အရင်းအနှီးမြောက်များစွာ ပေးလိုက်ရပြီး မှန်းချက်နဲ့ နန်းထွက်မကိုက်ဘူးဖြစ်နေတယ်။ ထပ်တိုက်ရင်လဲ ဗမာစစ်ခွေးတွေ အတုံးအရုန်းဆက်သေဖို့ ဘဲရှိတယ်။  
ပြီးတော့ကရင်တွေအချင်းချင်း ပြန်ညီညွတ်သွားမှာလည်းကြောက်တယ်။ ဒါကြောင့်မို့ 
နောက်ဆုံးတော့ ဗမာစစ်ခွေးတွေရဲ့ အကြံအစည်အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ အမျိုးသားရေးအတွက် လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ အရည်အချင်းရှိတဲ့ ကေကေအို အဖွဲ့ ရဲ့ ဥက္ကဌနဲ့ အတွင်းရေးမှူးတွေ ရာထူးကနေအနားပေးခြင်းခံလိုက်ရတယ်။ ဤတွင်မှာဘဲ 2010 ရွေးကောက်ပွဲကစခဲ့တဲ့ ဗိုလ်မှူးစောလားပွယ်ရဲ့ တော်လှန်ရေးဟာ တိုင်းရင်းသားပြည်သူတွေ ရဲ့ အားပေးထာက်ခံမှုတွေ နိဂုံးချုပ်ပြီး စောလားပွယ်ကိုယ်တိုင်လည်း မြောင်းထဲရောက် သွားပါတော့တယ်။
………………………………………
 ကေအင်န်ယူကိုစည်းရုံးရင် ဘယ်သူ့ ကို အဓိကထားချဉ်းကပ်ရပ်မလဲဆိုတာကိုလည်း သူတို့  အကဲခတ်တတ်တယ်။ ဗိုလ်ချုပ်မြရှိတုန်းကတော့ ဗိုလ်ချုပ်မြကို ပစ်မှတ်ထားပြီး ချဉ်းကပ်စည်းရုံးတယ်။ ဗိုလ်ချုပ်မြ ဖျားနာတဲ့အချိန်မှာတောင် ရန်ကုန်ကိုသွားပြီး ဆေးကုသမှုခံယူဖို့  စည်းရုံးသေးတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မြကတော့ လူသာဖျားနာပြီး ဦးနှောက်ကမဖျားတော့ နောက်ဆုံးထွက်သက်အထိ ဗမာစစ်ခွေးတွေကို ဒူးမထောက်ခဲ့ဘူး။
ဒီတခေါက် ဗမာစစ်ခွေးအစိုးရတို့ ကေအင်န်ယူအဖွဲ့ အစည်းမှာ အဓိကပစ်မှတ်ထား ချဉ်းကပ်တဲ့သူဟာ လူကကျန်းမာပေမဲ့ ဦးနှောက်က ဖျားနာနေတယ်လို့ ဆိုရမှာဘဲ။(လူသိရှင်ကြား စိတ်ဝမ်းကွဲပြားမှုဖြစ်ရတဲ့ ဘားအံမြို့ ဆက်ဆံရေးရုံးသွားဖွင့်ပြီး ဌာနချုပ်ကိုပြန်မလာဘဲ ရန်ကုန်ကိုသွားပြီး ဦးနှောက်အထူးကုဆရာဝန်တွေနဲ့  သွားရောက်ကုသမှုခံယူရတယ်လို့ ဆိုဘဲ)
တကယ်တော့ပထမအကြိမ် ငြိမ်းချမ်းရေးပဏာမ လက်မှတ်ရေးထိုးဖို့ မသွားခင်ကတည်း က ကေအင်ယူအဖွဲအတွင်းမှာ အက်ကြောင်းတွေပေါ်လာခဲ့တယ်။မဖြစ်မနေသွားရမယ်လို့  ဆုံးဖြတ်ချက်ချပြီး သွားခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေးအကြောင်း ဆွေးနွေးရုံသာဆွေးနွေးပြီး ဘာလက်မှတ်မှ မထိုးဖို့  ကေအင်ယူငြိမ်းချမ်းရေးကော်မတီက သဘောတူညီမှုရထားတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားတဲ့ကိုယ်စားလှယ်တွေက နာရီပိုင်းဆွေးနွေးမှုအပြီးမှာဘဲ အပစ်ရပ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်တယ်။ အဲဒီကတည်းက ကေအင်န်ယူအဖွဲ့ မှာ ပိုပြီး စိတ်ဝမ်းကွဲပြားမှုတွေဖြစ်လာပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအတွင်းမှာရှိတဲ့ကရင်တွေကလဲ ငှင်းလူတစု ရဲ့ လုပ်ရပ်ကြောင့် ဝေဖန်သံတွေအမျိုးမျိုးထွက်လာပါတယ်။ ဝေဖန်ပြောဆိုသူတွေရဲ့ တူညီတဲ့ဝေဖန်
ချက်တခုကတော့ လက်မှတ်ထိုးတဲ့ကိုယ်စားလှယ်အဖွဲ့ တွေ ``ဆန္ဒစောလွန်းတယ်``လို့ ဆိုတာပါဘဲ။
ဟုတ်တော့လည်းဟုတ်ပါတယ်…ကေအင်န်ယူသာ ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့  နောက်ထပ် တအောင့်လောက် တောက်ခံထားနိုင်သေးရင် ကေအင်န်ယူနဲ့ ဗမာစစ်အစိုးရတို့ ရဲ့  ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ချိန်ခွင်လျှာက တမျိုးတဖုံဖြစ်သွားနိုင်ပါတယ်။ အခုတော့ အစမကောင်းလို့ အနှောင်းမသေချာသလို ဖြစ်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ငြိမ်းချမ်းရေး ဒုတိယတခေါက် ဆွေးနွေးပွဲမှာ ကေအင်န်ယူအတွင်းရေးမှူးချုပ်ကိုယ်တိုင် လိုက်သွားရတာလည်း ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ခေါင်းနဲ့ အမြီးနဲ့ တည့်အောင် ၊ကြည့်လို့ ရှုလို့ ကောင်းအောင် ဆက်လုပ်လိုက်ရတဲ့သဘောလို့  ထင်မြင်စရာဖြစ်လာရတယ်။
အမှန်က ကိုယ်ကရှုံးပြီး ရန်သူကအကြီးအကျယ်အောင်ပွဲခံသွားတာ ပထမအခေါက် ငြိမ်းဆွေးနွေးပွဲကတည်းကပါ။ ရန်သူမဟာဗမာစစ်အုပ်စုဟာ ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးစရိုက်ပီပီ မရခင်တမျိုး ရပြီးမှတမျိုးဆိုတဲ့အကျင့်နဲ့ ကျင့်ကြံနေတယ်။ကေအင်န်ယူနဲ့ ပဏာမလက်မှတ်ရေး ထိုးနိုင်ကတည်းက နိုင်ငံတကာကို ပြစားနိုင်ခဲ့ပြီး။ ရှေ့ ဆက်ပြီးတော့ ကေအင်န်ယူဟာ သူ့ လက်ခုတ်ထဲက ရေလိုဖြစ်နေပြီး။ အထင်ရှားဆုံးကတော့ ယခုနောက်ဆုံးတခေါက်(တတိယအကြိမ်)   ဆွေးနွေးပွဲမလုပ်ခင်၊ ယခင်သဘောတူထားတဲ့ ရက်မတိုင်ခင်မှာဘဲ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ တစုံတရာမပြဘဲ ဆွေးနွေးပွဲကို ရွေ့ ဆိုင်းလိုက်တယ် ဆိုတဲ့လုပ်ရပ်ဘဲဖြစ်ပါတယ်။ ဒါဟာ ကေအင်န်ယူ ကို သွေးတိုးစမ်းလိုက်တဲ့သဘော၊ ကေအင်န်ယူရဲ့ နားရွက်ကိုတံတွေးစွတ်လိုက်တဲ့လုပ်ရပ်ပါ။
 ကေအင်န်ယူကသာ ဗမာစစ်အုပ်စုတွေကို ပြန်လည်ချော့မော့ပြီး ဆွေးနွေးပွဲကို ဆက်လက်လုပ်ဆောင်
ရ သလိုဖြစ်နေပါတယ်။ ဒီလိုဖြစ်ရအောင် ဗမာစစ်ခွေးအုပ်စုနဲ့ ယခုလောလောလတ်လတ် အနားပေးခံသွားရတဲ့ ကေအင်န်ယူခေါင်းဆောင်သုံးဦးနဲ့ အုပ်စုဝင်တွေ ဘာတွေကြိတ်ပြီး ပူးပေါင်းကြံစည်နေတယ်ဆိုတာ ကာယကံရှင်ကိုယ်တိုင်တွေဘဲ သိမှာပါ။
တတိယအကြိမ်(ယခုနောက်ဆုံးအကြိမ်)ဆွေးနွေးပွဲ၊ နှစ်ဘက်တပ်နေရာပြောင်းရွေ့ မှုကိစ္စနဲ့ ပါတ်
သက်ပြီး ဗမာစစ်ခွေးကိုယ်စားလှယ်တွေက မလှိမ့်တပတ်နဲ့ ဝှေ့ လည်ကြောင်ပတ် ဆွေးနွေးသွား တာ  တွေ့ ရပါတယ်။ ကေအင်န်ယူရဲ့ အတွင်းရေးကိုသိလို့ ဝှေ့ လည်ကြောင်ပတ်လုပ်တာလို့ မြင်မိပါ
တယ်။ ကိုယ့်လူအချင်းချင်း ညီညွတ်မှုမရှိတော့ ကိုယ်ပြောလိုက်တဲ့စကားတွေဟာ ပါဝါရှိချင်မှရှိ
မယ်လေ။ တကယ်တော့ ဒီတပ်အပြောင်းအရွေ့ ကိစ္စမှာ ဗမာစစ်ခွေးတွေအတွက် အပစ်အခတ်ရပ် စဲရေးလမ်းကြောင်းရဲ့  ယုံကြည်မှုလှေခါးထစ်တရပ်လည်းဟုတ်၊ ဗမာလောဘသားစစ်ခွေးတွေ နယ်မြေတချို့ မှ ပြန်လည်နောက်ဆုတ်ပေးရမဲ့အနေအထားမို့ သူတို့ အတွက်ခေါင်းခဲစရာဖြစ်တာ
အမှန်ဘဲ။
``တိုင်းရင်းသားရေးရာကိစ္စက    Peace process လုပ်တဲ့အခါမှာ လုပ်ငန်းက မထင်မှတ်ဘဲနဲ့  အဖွဲ့ တွေအများကြီးနဲ့  လက်မှတ်ရေးထိုးလိုက်ရတဲ့အခါကျတော့ လုပ်ငန်းတွေက အရမ်းများတာ`` တဲ့….ဆိုလိုတာက ဒီလိုလုပ်တဲ့နေရာမှာ လက်ရှိအစိုးရမှာ တာဝန်ရှိတဲ့ မဟာလူမျိုးကြီးဝါဒ ဗမာစစ်ဝါဒီတွေက မြန်မာပြည်ကို အေးချမ်းစေလို တိုးတက်စေလိုတဲ့ ရင်ထဲကမှန်ကန်တဲ့ စေတနာနဲ့  လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ငှင်းတို့ ရဲ့ ဗမာမဟာစစ်ဝါဒီ သက်ဆိုး ရှည်ဖို့ အတွက် ရည်ရွယ်ပြီး တိုင်းရင်းသားအင်အားစု အတိုက်အခံအင်အားစုတွေကို တိုင်ပေးပတ် တဲ့ မြေစမ်းခရမ်းပျိုး တဲ့ လုပ်ဆောင်ချက်သာ ဖြစ်ပါတယ်။ ပြီးတော့ ဒီ Peace process လုပ်တဲ့နေ  ရာမှာ အစိုးရက သီးသန့် ဘတ်ဂျက်ချပေးတာမျိုးမရှိဘဲ သွားလာရေးတွေက သူ့ အိတ်စိုက်နဲ့ လုပ်တယ်``လို့  ဆိုပြန်တယ်။ ဒါလဲ လုံးဝယုတ်တိယုတ်တန်မရှိတဲ့စကား၇ပ် သာဖြစ်ပြီး Peace process နဲ့ ပါတ်သက်ပြီး ဦးအောင်မင်းက သူ့ ရဲ့ ဝါသနာအရ အပျော်တမ်းလုပ်တဲ့သဘောမျိုး သက်ရောက်နေပါတယ်။
နောက်တခုကတော့ ဗမာလူမျိုးတွေအများစု အားပေးထောက်ခံမှုရလာနေတဲ့ ရုပ်သေးသမ္မတ ဦးသိန်းစိန်နဲ့  သတင်းဌာနတွေအင်တာဗျူးတဲ့အစီအစဉ်မှာလဲ မဟာဗမာစစ်အစိုးရရဲ့ ဗီဇပီပီ ဘလောင်းဘလဲနဲ့ ရိုးသားတဲ့ အမူအရာတွေ လုံးဝမတွေ့ ရဘဲ ဖြေကြားပြောဆိုသွား တာ တွေ့ မြင်ရပါတယ်။
ဆိုတော့ ဒီလိုအနေအထားကိုကြည့်ပြီး အပေါ်ကပြောခဲ့သလို တပ်အပြောင်းအရွေ့ မှာ တပ်တချို့ ပြန်ရုပ်သိမ်းရမယ်ဆိုတာ  လောဘရမ္မက်တထောင်းထောင်းထနေတဲ့ ဗမာစစ်အုပ်စုတွေ လိုက်လျောနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။
ကေအင်န်ယူနဲ့ ကရင်တမျိုးသားလုံးအတွက်တော့ ယခုလျှောက်လက်စ ငြိမ်းချမ်းရေး လမ်းကြောင်းအောင်မြင်ဖို့ အရေးကြီးဆုံးကနံပါတ်တစ်ကတော့ စည်းလုံးညီညွတ်ရေးဘဲဖြစ်ပါတယ်။ နံပါတ်နှစ်လဲဒါဘဲ။နံပါတ်သုံးလဲ ဒါဘဲလို့ ခေါင်းထဲမှာမြဲမြဲမှတ်ယူနိုင်ရမယ်။
……………..
လက်ရှိအခြေအနေမှာတော့ ကရင်အမျိုးသားရေးကိုဦးစီးဦးဆောင်ပြုနေ တဲ့ ကေအင်န်ယူရဲ့  အနေအထားဟာ တာဝေးအပြေးပြိုင်ပွဲမှာ ရှေ့ ဆုံးကိုဦးဆောင် ပြေးနေတဲ့သူတယောက် ပန်းဝင်ခါနီး   မှာ ကိုယ့်ခြေထောက်ကို ကိုယ်ပြန်ခလုတ်တိုက်ပြီး လဲကျသွားတာနဲ့ တူနေပါတယ်။
 ပြည်ထောင်စုမြန်မာနိုင်ငံမှာ မဟာဗမာစစ်အစိုးရဘဲပြောပြော၊ စစ်သားအရေခွံချွတ်လဲ (စစ်ယူနီဖေါင်းချွတ်)ရုပ်သေးသိန်းစိတ်အစိုးရဘဲပြောပြော သူတို့ တတွေမြန်မာပြည်သူပြည်သား များသာမက နိုင်ငံတကါကိုပါ လိုက်လှည့်စားနိုင်ပါပြီး။ ဒီအခြေအနေကို သိတဲ့ ဒီမိုကရေစီဘက်တော် သားတွေ၊ အခြားတိုင်းရင်းသားအင်အားစုတွေက ဒီစစ်ယူနီဖေါင်းချွတ် မဟာဗမာစစ်အုပ်စုတွေရဲ့  လှည့်စားမှုကို အံတုနိုင်အောင်၊ ရှေ့ ဆက်ပြီးလှည့်စားမှုထပ်မခံရအောင် ပြင်ဆင်နေပါပြီး ။နိုင် ငံရေးပါတီတွေက မိမိတို့ ပါတီအင်အားတွေတောက်တင်းလာအောင် မိမိတို့ မှာရှိတဲ့ နှစ်ပါတီ သုံးပါတီ  ကို တပါတီတည်းဖြစ်အောင် ပူးပေါင်းလိုက်တာရှိသလို တိုင်းရင်းသားလက်နက်ကိုင်အင်အား စုတွေကလည်း နှစ်စုသုံးစုကနေ တစုတစည်းတည်းဖြစ်အောင် ပြန်လည်စုစည်းကြတဲ့အချိန်မှာ အစဉ်အလာကြီးမားတဲ့ကျနော်တို့ ကရင်လူမျိုးတွေမှာ နဂိုကတည်းကကွဲနေတာကို ပိုပြီးအစိတ်စိတ် အမွှာမွာ ထပ်ကွဲဖို့ အကြောင်းတွေဖန်လာတာဟာ အလားအလာမကောင်းတဲ့ ဖြစ်ရပ်တွေပါဘဲ။ ဒီကနေ့ ခွဲထွက်မဲ့သူရှိရင်တော့ ဗမာစစ်ခွေးတွေက ဟိုး 94-95 ခုနှစ်တုန်းကလို ဒီကေဘီအေတွေကို ဆယ်နှစ်ကျော်ဝန်းကျင်အထိ ဘေးမဲ့ပေးထားမှာမဟုတ်ပါဘူး။ ချည်ပြီးသား တုပ်ပြီးသား အညံ့ခံရေးလမ်းစဉ်ဘဲ ပေးအပ်သွားရမှာသေချာပါတယ်။
ဒါနဲ့ တပြိုင်တည်း ကရင်လူမျိုးတွေမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေက ကြီးမားသထက်ကြီးမား လာနေပါတယ်။ ဗမာစစ်အစိုးရကတော့ လုပ်စရာရှိရင် သူတို့ ဆက်လုပ်သွားမှာဘဲ။ အပစ်ရပ်တာနဲ့ တပြိုင်တည်း အိုင်ဒီပီ ပြည်တွင်းစစ်ပြေးဒုက္ခသည်များအပါအ၀င် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ပြန်ခေါ်ယူဖို့  ခြေလှမ်းတွေပြင်ဆင်နေပါပြီး။ အမျိုးသားရေးကို ဦးစီးဦးဆောင်ပြုနေတဲ့ ခေါင်းဆောင်တွေ မညီညွတ်ဘူးဆိုရင်တော့ ဒီဒုက္ခသည်တွေ မြေစာပင်တွေဖြစ် သွားနိုင်တယ်။စစ်ဓါးစာခံတွေဖြစ်သွားနိုင်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံရဲ့  ပြောင်းလဲမှုရေစီးကြောင်းက အရှိန်အဟုန်နဲ့ (အကောင်းရှိ အဆိုးရှိ) ပြောင်းလဲနေတယ်။တချို့ သောလူမျိုးစု၊ ပါတီအဖွဲ့ တွေက ဒီအရှိန်အဟုန်ကိုလိုက်နိုင်ဖို့  ကိုယ့်လူမျိုးတစုတည်း၊ ကိုယ့်ပါတီတခုတည်း သို့ မဟုတ် ကိုယ်တယောက်တည်းအတွက် ကိုယ်လွှတ်ရုန်းသွားတာတွေလည်း ရှိပါတယ်။ တချိန်တခါက ကရင်လူမျိုးတွေနဲ့ လက်တွဲပြီး ကရင်တွေရဲ့ အင်အားနဲ့ အရှိန်ယူတဲ့သူတွေ၊ ဗမာစစ်အစိုးရကို သတ်မယ်ဖြတ်မယ်ဆိုပြီး လက်သီးလက်မောင်းတန်းတဲ့သူတွေ၊ အခုတော့ တချို့ က ဗမာစစ်အစိုးရရဲ့ ခြေသလုံးတွေကို သွားဖက်တွယ်နေပြီး။ခရီးရှည်နှင်လာခဲ့တဲ့ မိခင်ကေအင်န်ယူလည်း အတော့ကို မောပန်းနေပါပြီး။ ဒီလိုမောပန်းတဲ့အချိန်မှာ ကျန်တဲ့နယ်ပယ်အသီးသီးက ကရင်တွေ ကူညီဖေးမမှု များစွာ ပြုရမဲ့ အချိန်ဖြစ်ပါတယ်။ဒီလိုလဲလုပ်ဆောင်မှုမရှိဘဲ မိခင်ကေအင်န်ယူက နဂိုရှိတဲ့အင်အားကနေ ခွဲထွက်မှုတွေထပ်ဖြစ်လာမယ်ဆိုရင် ကရင့်ကြမ္မာကရင်ဖန်တီးရေးဆိုတဲ့  ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးရဲ့ မူဟာ ကရင်ခေါင်းဆောင်တွေက ကရင်ပြည်သူတွေရဲ့ ကံကြမ္မာတွေကို ဖန်တီးလုပ်ဆောင်ပေးနိုင်မှာမဟုတ်တော့ဘဲ ကရင်လူမျိုး ပြည်သူတဦးချင်းဆီကသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမှာဖြစ်ပြီး ကရင်လူမျိုးတွေမျှော်လင့်နေတဲ့ ကရင်ရွေပြည်…မျှော်လေတိုင်းဝေးမှာ သေချာပါကြောင်း…
မန်းဒဲ့ဒိုး
13-10-2012.